ထိပ်တန်းလိဂ် ၃ ခုမှာ အမှတ်ပေးဖလားရရှိခဲ့တာပါ။
Pyae Phyo Thein

ဖီဖာက ထိပ်တန်းလိဂ် (၃)ခုရဲ့ အမှတ်ပေးဖလားကို ရယူနိုင်ခဲ့တဲ့သူက ရော်နယ်ဒိုတစ်ဦးတည်းသာရှိခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ 


ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေဖလားတွေကို ရော်နယ်ဒိုတစ်ဦးတည်းသာ ဆွတ်ခူးထားတယ်လို့ မှားယွင်းတဲ့ဖော်ပြမှုကို ဖီဖာက သူတို့ရဲ့တရားဝင်တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပြီးနောက် ဂျူဗင်တပ်စ်နောက်ခံလူဒန်နီလိုက တန်ပြန်တုံ့ပြန်မှုတွေကို ပြုလုပ်သွားခဲ့ပြီး အဆိုပါဆုဖလားတွေကို သူလည်းရယူထားခဲ့တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

ဆမ်ဒိုးရီးယားအသင်းကို အနိုင်ရရှိအပြီးမှာ ဂျူဗင်တပ်စ်အသင်းက စီးရီးအေဖလားကို ၉ ကြိမ်ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုအတွက်ကတော့ ၂ကြိမ်ဆက်တိုက်ရယူနိုင်တာဖြစ်ပြီး အဆိုပါအောင်မြင်မှုရယူအပြီးမှာ ဖီဖာက ထိပ်တန်းလိဂ် (၃)ခုရဲ့ အမှတ်ပေးဖလားကို ရယူနိုင်ခဲ့တဲ့သူက ရော်နယ်ဒိုတစ်ဦးတည်းသာရှိခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

"ပြန်လည်စတင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ် ၁ဝပွဲကစားအပြီးမှာ ၁ဝဂိုးအထိ သွင်းယူခဲ့ပြီး ရော်နယ်ဒိုက ခြေစွမ်းပြခဲ့ပါတယ်၊ အင်္ဂလန်၊ စပိန်၊ အီတလီတို့မှာ ဆုဖလားတွေကို သူ ဆွတ်ခူးနိုင်ခဲ့ပါတယ်၊ ဒီလိဂ် ၃ခုစလုံးမှာ ဗိုလ်စွဲဖူးတဲ့ ကစားသမားလုံးဝမရှိခဲ့ပါဘူး၊ အခြားကမ္ဘာကလာတဲ့သူအတွက် ဘယ်နိုင်ငံပဲဖြစ်ဖြစ် အရေးမကြီးပါဘူး" လို့ ဖီဖာက တွစ်တာအကောင့်မှာ ရေးသားခဲ့တာပါ။ 

ဒီရေးသားမှုအပေါ်မှာ ဒန်နီလိုက စဉ်းစားတွေးတောနေဟန် emojis လေးတွေနဲ့ ဝင်ရောက်ကာ မှတ်ချက်ပြုသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဖီဖာက သူတို့ရေးသားထားမှုကို ပြန်လည်ဖျက်သွားခဲ့ကာ ဒန်နီလိုရဲ့ တုံ့ပြန်မှုက ထိရောက်ခဲ့ပါတယ်။ ဒန်နီလိုဟာ ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒိုနဲ့ အသင်းဖော်တွေဖြစ်ခဲ့ပြီး၂၀၁၇ မှာ လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒီင်္နောက် မန်စီးတီးကိုရောက်ရှိခဲ့ကာ ၂၀၁၈မှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီရာသီမှာ ဂျူဗင်တပ်စ်ကို ထပ်မံပြောင်းရွှေ့ခဲ့ကာ စီးရီးအေဖလားကို ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူကလည်း ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေဖလားတို့ကို ရယူဖူးတဲ့ ကစားသမားဖြစ်တယ်ဆိုတာကို ဝင်ရောက်သတိပေးခဲ့ပြီး ရော်နယ်ဒိုနည်းတူ သူလည်းပဲ ပိုင်ဆိုင်ထားတယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။ 


Author


က္က