ဘရာဇီးလ်ကြယ်ပွင့်ဟောင်း ရီဗယ်လ်ဒိုက သုံးသပ်ခဲ့တာပါ။
Pyae Phyo Thein

ရီဗယ်လ်ဒိုက ဟာလန်းရဲ့ လျင်မြန်မှု၊ အကြောက်တရားကင်းမဲ့မှု နဲ့ ဂိုးပေါက်ရှေ့မှာ အခွင့်အရေးဖန်တီးနိုင်တဲ့ အချက် ၃ ချက်က ရော်နယ်ဒိုနဲ့ တူညီတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။


ဒေါ့မွန်အသင်းတိုက်စစ်မှူးဟာလန်းဟာ ဘရာဇီးလ်နဲ့ ရီးရဲလ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုရဲ့ ကစားပုံနဲ့ ဆင်တူတယ်လို့ နာမည်ကျော်ဘရာဇီးလ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ရီဗယ်လ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။ ဟာလန်းကတော့ ဘွန်ဒက်လီဂါပွဲတွေ ပြန်လည်စတင်တဲ့ ရှော်လ်ကေးနဲ့ပွဲမှာပဲ အသင်းအတွက် တစ်ဂိုးသွင်းကာ နှစ်ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

ဒေါ့မွန်မှာ ခြေစွမ်းပြနေတဲ့ ဟာလန်းကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့အတွက် ကြိုးစားနေပြီး ရီဗယ်လ်ဒိုကလည်း နော်ဝေတိုက်စစ်မှူးဟာ ဘာနေဗျူးမှာ ရော်နယ်ဒိုရဲ့ခြေရာကို နင်းနိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ ရီဗယ်လ်ဒိုက အကြောင်းပြချက် ၃ ခုကို ပြောပြကာ ဟာလန်းနဲ့ ရော်နယ်ဒိုကို နှိုင်းယှဉ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ရီဗယ်လ်ဒိုက ဟာလန်းရဲ့ လျင်မြန်မှု၊ အကြောက်တရားကင်းမဲ့မှု နဲ့ ဂိုးပေါက်ရှေ့မှာ အခွင့်အရေးဖန်တီးနိုင်တဲ့ အချက် ၃ ချက်က ရော်နယ်ဒိုနဲ့ တူညီတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာလန်းကို ရော်နယ်ဒိုလိုအောင်မြင်မှုမျိုးရရှိမယ်လို့ ပြောဖို့ဆိုတာက တော့ စောလွန်းသေးတယ်လို့ သူက မှတ်ချက်ပြုခဲ့ကြောင်း Daily Express က ဖော်ပြခဲ့ပါတယ်။ 

"ပြီးခဲ့တဲ့တစ်ပတ်က သူက ကောင်းမွန်တဲ့ဂိုးတစ်ဂိုးရရှိခဲ့ပြိး သူ့အနာဂတ်က ဘယ်လောက်ထိတောက်ပနေလဲဆိုတာကို အားလုံးကို သိမြင်စေခဲ့ပါတယ်၊ သူဘယ်လောက်ထိကောင်းလဲဆိုတာကို အားလုံးက ပြောပြီးနေကြပါပြီ၊ တိုက်စစ်မှူးတစ်ဦးအတွက် ဂိုးတွေသွင်းဖို့ပါ၊ ဒါကိုလည်း သူ လုပ်ပြနိုင်ခဲ့ပါတယ်၊ ရှော်လ်ကေးနဲ့ပွဲမှာ သူ သွင်းယူခဲ့တဲ့ ဂိုးမျိုးက တကယ်ကိုမလွယ်ကူပါဘူး"

"ဘောလုံးက သူ့ဆီကို မြေထောက်ပြီးမှရောက်လာတာပါ၊ ဒါကို ဘယ်လိုမှန်ကန်တဲ့နည်းလမ်းနဲ့ ထိချက်မှန်အောင်လုပ်ရမလဲဆိုတာကို သိဖို့လိုပါတယ်၊ ဒီလိုအနေအထားက ဘောလုံးကခုန်ထွက်သွားနိုင်ပြီးတော့ အရူးတစ်ယောက်လိုခင်ဗျားလိုက်ကြည့်နေရတာလည်းဖြစ်နိုင်တယ်၊ ဒါပေမယ့် သူက ထိချက်မှန်မှန်နဲ့ ဂိုးသွင်းနိုင်ခဲ့ပါတယ်၊ ဟာလန်းကို ရော်နယ်ဒိုနဲ့ တချို့က နှိုင်းယှဉ်ကြပါတယ်၊ လျင်မြန်မှု၊ အကြောက်တရားကင်းမဲ့မှု နဲ့ ဂိုးတွေအများကြီးသွင်းနိုင်တာကြောင့်ပါ၊ ဒါပေမယ့် သူက ရော်နယ်ဒိုလိုအောင်မြင်မယ်လို့ ပြောဖို့ကတော့ စောပါသေးတယ်" လို့ ရီဗယ်လ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က