ကျင်းပပြီးစီးသွားခဲ့တဲ့ The Best FIFA Awards ဆုပေးပွဲမှာ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြိုင်ဘက်ကစားသမား ရော်နယ်ဒိုကို မဲပေးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ မက်ဆီအနေနဲ့ ရော်နယ်ဒိုကို ပထမဆုံးအကြိမ် မဲပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဆီက မိုဒရစ်၊ ဘာပေတို့ရဲ့ နောက်မှာသာ ရော်နယ်ဒိုကို မဲပေးခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ မဲပေးရွေးချယ်တဲ့နေရာမှာ မက်ဆီက ရော်နယ်ဒိုကို ထည့်သွင်းရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က စတင်ပြီး မက်ဆီ ရွေးချယ်ခဲ့တဲ့ ကစားသမားတွေထဲမှာ အနည်းဆုံး ဘာစီလိုနာ ကစားသမား တစ်ဦး ပါဝင်ခဲ့ပေမယ့် ၂၀၁၈ အတွက် ရွေးချယ်မှုမှာတော့ ပါဝင်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။
မက်ဆီအနေနဲ့ အဓိကပြိုင်ဘက်ကစားသမားဖြစ်ခဲ့တဲ့ ရော်နယ်ဒိုကို ရွေးချယ်ခဲ့တာမှန်ပေမယ့်လည်း တတိယနေရာမှာသာ ထားရှိခဲ့တာ ဖြစ်ပါတယ်။ အခြားရွေးချယ်မှုများမှာတော့ ဘရာဇီးအသင်းခေါင်းဆောင် မီရန်ဒါက ရော်နယ်ဒို၊ ဘာပေ နဲ့ မက်ဆီတို့ကို ရွေးချယ်ခဲ့ပါတယ်။ ကိုလံဘီယာအသင်းခေါင်းဆောင် ဖယ်လ်ကာအိုက မိုဒရစ်၊ ရော်နယ်ဒို နဲ့ ဘာပေတို့ကို မဲပေးသွားခဲ့ပါတယ်။
ဆုရရှိခဲ့တဲ့ မိုဒရစ်ကတော့ ဗာရာနီ၊ ရော်နယ်ဒို နဲ့ ဂရစ်မန်းဇ်တို့ကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ ရာမို့စ်ကတော့ မိုဒရစ်၊ ရော်နယ်ဒို နဲ့ မက်ဆီတို့ကို ရွေးချယ်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ရွေးချယ်မှုမှာတော့ မက်ဆီ ပါဝင်ခဲ့ခြင်းမရှိပဲ ဗာရာနီ၊ မိုဒရစ်၊ ဂရစ်မန်းဇ်တို့သာ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် မက်ဆီရဲ့ ရွေးချယ်မှုမှာ ရော်နယ်ဒို ပါဝင်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ မက်ဆီကို ရွေးချယ်ခဲ့ခြင်း မရှိတာကို တွေ့မြင်ခဲ့ရပါတယ်။
ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်ကတော့ မိုဒရစ်၊ ဗာရာနီ နဲ့ မက်ဆီတို့ကို မဲပေးခဲ့ပြီး ပေါ်တူဂီနည်းပြ ဆန်းတို့စ်က သူ့ရဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒို၊ မိုဒရစ် နဲ့ ဟာဇက်တို့ကို ရွေးချယ်ခဲ့ပါတယ်။ ခရိုအေးရှားအသင်းကို ကမ္ဘာ့ဖလား ဒုတိယဆုရရှိအောင် စွမ်းဆောင်းပေးခဲ့တဲ့ နည်းပြ ဒါလစ်ကတော့ မိုဒရစ်ကို ဦးစားပေးရွေးချယ်ခဲ့ပြီး မက်ဆီ နဲ့ ရော်နယ်ဒိုတို့ကို ထပ်မံရွေးချယ်သွားခဲ့ပါတယ်။