သက်ဆိုင်ရာလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတွေ ပြိုင်ဆိုင်ရတဲ့ တစ်ဦးချင်းဆုတစ်ခုဖြစ်ပြီး လိဂ်အဆင့်အတန်းပေါ် မူတည်ကာ အမှတ်ကွာခြားမှုတော့ ရှိပါတယ်။
ဂျီနီုအာကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ လီယွန်နယ်မက်ဆီရဲ့ သွင်းဂိုးက (၁၉)ဂိုးအထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ဥရောပရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်မှုမှာ မက်ဆီက ထိပ်ဆုံးကနေ ရပ်တည်နေခဲ့တာလည်း ဖြစ်ပါတယ်။ စုစုပေါင်း ရမှတ် (၃၈)မှတ်နဲ့ မက်ဆီက ထိပ်ဆုံးမှာရှိနေခဲ့တာ ဖြစ်ပါတယ်။
မက်ဆီရဲ့ နောက်မှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန်ဘာပေက သွင်းဂိုး (၁၇)ဂိုး၊ ရမှတ် (၃၄)မှတ်နဲ့ ရပ်တည်နေခဲ့ပါတယ်။ ဆမ်ဒိုရီးယားအသင်းရဲ့ တိုက်စစ်မှူး ကွာဂလီရယ်လာကလည်း ဒီရာသီမှာ အံ့အားသင့်စရာ ခြေစွမ်းပြသနေခဲ့ပြီး စီးရီးအေသွင်းဂိုး (၁၆)ဂိုးအထိ ရရှိခဲ့ပြီး ရမှတ် (၃၂)မှတ်နဲ့ ဥရောပရွှေဖိနပ်ဆုတိုက်ပွဲမှာ ပါဝင်နေခဲ့ပါတယ်။
မက်ဆီကတော့ ဥရောပရွှေဖိနပ်ဆုကို (၂)နှစ်ဆက်တိုက် ရယူထားခဲ့တာဖြစ်ပြီး ၂၀၁၆-၁၇ ဘောလုံးရာသီမှာ (၃၇) ဂိုး၊ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ (၃၄)ဂိုး သွင်းယူပြီး ဆွတ်ခူးထားတာ ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ဒီရာသီမှာ ရွှေဖိနပ်ဆု ထပ်မံရရှိခဲ့မယ်ဆိုရင် သမိုင်းတစ်လျှောက် ဥရောပရွှေဖိနပ်ဆုကို (၃)ကြိမ်ဆက် ရရှိမယ့် ပထမဆုံးကစားသမားဖြစ်လာမှာလည်း ဖြစ်ပါတယ်။
နံပါတ် (၄)နေရာမှာတော့ လီဗာပူးလ်တိုက်စစ်မှူး ဆာလာက သွင်းဂိုး (၁၆)ဂိုး၊ ရမှတ် (၃၂)မှတ်နဲ့ ရပ်တည်နေခဲ့ပြီး အဆင့်(၅)မှာတော့ အက်စတိုးနီးယားကလပ် ကယ်ဂျူအသင်းတိုက်စစ်မှူး လယ်လီယူက သွင်းဂိုး (၃၁)ဂိုး၊ ရမှတ် (၃၁)မှတ်နဲ့ ရပ်တည်နေပါတယ်။ အက်စတိုးနီးယားလိဂ်ရဲ့ အဆင့်အတန်းကြောင့် သွင်းဂိုးတစ်ဂိုးအတွက် ရမှတ်တစ်မှတ်သာ ရရှိလို့ လယ်လီယူက သွင်းဂိုးများပေမယ့် ရမှတ်နည်းနေခဲ့တာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူးကြီး ရော်နယ်ဒိုကတော့ သွင်းဂိုး (၁၅)ဂိုး ရရှိထားလို့ ရမှတ် (၃၀)နဲ့ အဆင့် (၆)မှာ ပူးတွဲနေခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့အတူ ဆွာရက်ဇ်၊ ပေါ်လင်ဟို၊ ပီပီ၊ ဇာပါတာတို့က သွင်းဂိုး (၁၅)ဂိုးစီနဲ့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။ မက်ဆီကတော့ ထိပ်ဆုံးမှာ ရမှတ် (၄)မှတ်အသာစီး ရရှိထားပြီး ဥရောပရွှေဖိနပ်ဆုအတွက် အခြေအနေအကောင်းဆုံး ဖြစ်နေခဲ့ပါတယ်။