မိုနာကိုဘက်ကို (၃)ဂိုးသွင်းခဲ့ပြီး မက်ဆီနဲ့ (၃)ဂိုးသာ ကွာဟတော့တာပါ။
Pyae Phyo Thein

ဘတ်ပီဟာ ပြင်သစ်လီဂူုးမှာ တစ်ရာသီအတွင်း ဂိုးပေါင်း (၃၀)အထိ သွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး စံချိန်ကောင်းတစ်ခုကို ထပ်မံရရှိခဲ့ပါတယ်။

အသင်းဟောင်းမိုနာကိုနဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးတွေကြောင့် ဘတ်ပီဟာ ပြင်သစ်လီဂူုးမှာ တစ်ရာသီအတွင်း ဂိုးပေါင်း (၃၀)အထိ သွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး စံချိန်ကောင်းတစ်ခုကို ထပ်မံရရှိခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။



ပြင်သစ်လီဂူးရဲ့ ရွှေဖိနပ်ဆုကိုလည်း ဘတ်ပီက ရရှိဖို့ သေချာသလောက်ဖြစ်နေပြီး ဒုတိယနေရာက လိုင်လီကစားသမား ပီပီထက် (၁၁)ဂိုးအသာစီး ရရှိနေပါတယ်။ လက်ကျန်ပွဲစဉ် (၅)ပွဲ ကျန်ရှိနေပြီးတော့ ဘတ်ပီအနေနဲ့ ဂိုးတွေ ထပ်မံသွင်းယူနိုင်ခဲ့မယ်ဆိုရင် ဥရောပရွှေဖိနပ်ဆုအတွက် မက်ဆီကိုပါ ခြိမ်းခြောက်ဖိအားပေးနိုင်ဖွယ်လည်း ရှိလာခဲ့ပါတယ်။

မိုနာကိုနဲ့ ပွဲစဉ်မတိုင်ခင်မှာ မက်ဆီ နဲ့ ဘတ်ပီတို့ကြား ဂိုးကွာဟမှုက (၆)ဂိုးအထိ ရှိခဲ့ပါတယ်။ မက်ဆီက လာလီဂါမှာ ဘာစီလိုနာအတွက် လိဂ်ဂိုး (၃၃)ဂိုးသွင်းယူကာ ဥရောပရွှေဖိနပ်ဆုအတွက် ရမှတ် (၆၆)မှတ်နဲ့ အပြတ်အသတ်ဦးဆောင်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘတ်ပီက

ဟက်ထရစ်ရရှိသွားခဲ့ပြီးနောက် သူတို့နှစ်ဦးကြားမှာ ကွာဟချက်လျော့နည်းသွားပြီး ရမှတ်အနေနဲ့ (၆)မှတ်၊ သွင်းဂိုးအနေနဲ့ (၃)ဂိုးသာ ကွာဟတော့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဥရောပရွှေဖိနပ်ဆုကိုလည်း မက်ဆီကပဲ ဆွတ်ခူးနိုင်ခဲ့ပြီး (၅)ကြိမ်မြောက်အဖြစ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ရော်နယ်ဒိုထက် တစ်ကြိမ်အသာစီး ရရှိထားတာဖြစ်ပြီး ဒီရာသီမှာ ထပ်မံရယူနိုင်ခဲ့ပါက (၆)ကြိမ်မြောက်အဖြစ် ပိုင်ဆိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဆီရဲ့ ဥရောပရွှေဖိနပ်ဆုကို ဘတ်ပီက ဖိအားပေးခြိမ်းခြောက်လာပြီ ဖြစ်ပါတယ်။

တတိယနေရာမှာ ရှိနေခဲ့တဲ့ ဆမ်ဒိုရီးယားတိုက်စစ်မှူး ကွာဂလီရယ်လာရဲ့ သွင်းဂိုးက (၂၂)ဂိုးသာ ရှိနေခဲ့တာကြောင့် ဘတ်ပီနဲ့တောင် (၈)ဂိုးအထိ ကွာဟနေခဲ့ပါတယ်။ ဒါကြောင့် ဥရောပရွှေဖိနပ်ဆုကို မက်ဆီနဲ့ ဘတ်ပီတို့သာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပြီး လက်ကျန် (၅)ပွဲစီ အလိုမှာ ဘတ်ပီကပဲ ကျော်ဖြတ်သွားနိုင်မလား၊ မက်ဆီကပဲ ရယူသွားနိုင်မလား စောင့်ကြည့်ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က