ဒီနေ့နံနက်အစောပိုင်းက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် နဲ့ အေဂျက်ဇ်တို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းပွဲစဉ်မှာတော့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်းမှာပဲ အေဂျက်ဇ်ကို ဂိုးပြတ်အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။ ပထမအကျော့က အဝေးကွင်းမှာ အနိုင်ရရှိထားပေမယ့် အေဂျက်ဇ်ရဲ့ ထူးရှယ်ခြေစွမ်းပြခဲ့မှုက ဥရောပဘုရင်ကြီးကို ဘာနေဗျူးမှာ ကောင်းကောင်းနှိပ်ကွပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဘာနေဗျူးမှာ အေဂျက်ဇ်က (၄-၁) ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် (၅-၃) နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
နှစ်သင်းစလုံးမှာ ဒဏ်ရာရ၊ပွဲပယ်ကစားသမားတွေကလွဲပြီး အဓိကကစားသမားတွေ ပါဝင်ခဲ့ကြပါတယ်။ လူငယ်ကစားသမားအများစု ပါဝင်နေတဲ့ အေဂျက်ဇ်က အဝေးကွင်းမှာ ရှိန်မနေပဲ ရီးရဲလ်ကို တိုက်စစ်ဖွင့်ဆော့သွားခဲ့ပြီး လိုအပ်နေတဲ့ သွင်းဂိုးတွေကို ရယူနိုင်ခဲ့ပါတယ်။ အေဂျက်ဇ်ရဲ့ မြန်ဆန်ပြီး တိကျတဲ့ပေးပို့မှုတွေနဲ့ တိုက်စစ်ကို ထိုးဖောက်ခဲ့မှုတွေက ရီးရဲလ်ရဲ့ လျော့ရဲနေခဲ့တဲ့ ကွင်းလယ်နဲ့ခံစစ်ပိုင်းကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် ပွဲချိန် (၇)မိနစ်မှာပဲ တာဒစ်ရဲ့ ပေးပို့မှုကနေ ဇီယက်က ဧရိယာအတွင်း ဘယ်ခြေနဲ့ အပိုင်ကန်သွင်းကာ ဦးဆောင်ဂိုးယူခဲ့ပါတယ်။ နောက်ထပ် (၁၀)မိနစ်အကြာမှာတော့ တာဒစ်ရဲ့ ကက်စ်မဲရိုးကို လှလှပပ လှည့်စားပြီးတော့ ဧရိယာထဲထိ ဆွဲပြေးလာခဲ့က အလိုက်သင့်မျှောထိုးပေးတာကို နီရက်စ်က ကော်တွိုက်စ်ကို လိမ်ခေါက်ပြီး ထပ်သွင်းခဲ့လို့ အေဂျက်ဇ်တို့ ဒုတိယဂိုးရခဲ့ပါတယ်။
ရီးရဲလ်က အားထားရတဲ့ ဗင်နီရှပ် ဒဏ်ရာကြောင့် လူစားလဲခဲ့ရသလို ဗင်နီရှပ်မတိုင်ခင်မှာလည်း ဗက်ကွက်ဇ်ဒဏ်ရာရသွားလို့ ဘေးလ်နဲ့ လူစားလဲခဲ့ပါတယ်။ ဘေးလ်အနေနဲ့ လူစားဝင်လာပြီးနောက် အပိုင်ကန်သွင်းချက် တိုင်ထိထွက်ခဲ့လို့ ရီးရဲလ်နစ်နာခဲ့ရသလို ဘန်ဇီမာရဲ့ အပိုင်ကန်သွင်းမှုလည်း ဂိုးပေါက်နဲ့ ကပ်လွဲခဲ့လို့ နစ်နာခဲ့ရပါတယ်။ ရီးရဲလ်အတွက် တော်တော်လေးကို ဆိုးဝါးခဲ့တဲ့ ပွဲဖြစ်ခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း ပွဲကို အေဂျက်ဇ်ကပဲ စိုးမိုးထားပြီး ခြေစွမ်းပြနေတဲ့ တာဒစ်က (၆၂)မိနစ်မှာ တတိယဂိုးရယူပေးသွားခဲ့ပါတယ်။ ဒီဂိုးမတိုင်ခင်မှာ ဘောလုံးက ဘေးစည်းကို ကျော်ခဲ့ပေမယ့် စည်းကြပ်ဒိုင်က အချက်ပြမှုမရှိခဲ့ပါဘူး။ အဲဒီကမှတဆင့် ဗန်ဒီဘာ့ခ်က ဘောလုံးရသွားခဲ့ပြီး တာဒစ်ကို ဖန်တီးပေးခဲ့တာပါ။ VAR နဲ့ ပြန်လည်ကြည့်ရှုခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
တတိယဂိုးပေးလိုက်ရပြီးနောက် ရီးရဲလ်တို့ တိုက်စစ်ကို အစွမ်းကုန်တင်ဆော့ခဲ့ပါတယ်။ (၇၀)မိနစ်မှာတော့ ရီဂွီလွန်ရဲ့ ဘယ်ခြမ်းကထိုးဖောက်လာပြီး ပေးပို့မှုကို အဆန်စီယာက အပိုင်ကန်သွင်းကာ ချေပဂိုးပြန်သွင်းပေးခဲ့လို့ ရီးရဲလ်တို့ အားတက်ခဲ့ရပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ရီးရဲလ်ညာခြမ်းက ရတဲ့ ဖရီးကစ်ကို ရှုန်းက ကော်တွိုက်စ်ရဲ့ နေရာယူအားနည်းချက်ကနေ ထောင့်ဖြတ်အတိုင်း အပိုင်ကန်သွင်းကာ နောက်တစ်ဂိုးယူသွားခဲ့လို့ ရီးရဲလ်တို့ အိမ်ကွင်းမှာ အရေးနိမ့်ဖို့ သေချာသွားခဲ့ပါတယ်။
တစ်ပွဲလုံးမှာ တိုက်စစ်ပိုင်း နဲ့ ကွင်းလယ်ပိုင်းက ကစားပုံတွေမှာ အေဂျက်ဇ်က သိသိသာသာသာလွန်နေခဲ့ပြီး နည်းပြဆိုလာရီရဲ့ ရီးရဲလ်ဟာ ဆိုးရွားတဲ့ ခြေစွမ်းတွေနဲ့ စိတ်ပျက်ဖွယ်အနေအထားတွေကိုသာ ပြသနိုင်ခဲ့ပြီး (၃)နှစ်ဆက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့မှုတွေ ပြီးဆုံးသွားခဲ့ရပြီ ဖြစ်ပါတယ်။ ဥရောပရဲ့ ဘုရင်ကြီးဟာ အိမ်ကွင်းမှာ အရှက်တကွဲအရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို နည်းပြဆိုလာရီရဲ့ အနာဂတ်ကလည်း တော်တော်လေးကို ယိမ်းယိုင်သွားခဲ့ရပါပြီ။