ဥရောပရွှေဖိနပ်ဆုအတွက် အပြိုင်ဖြစ်နေပါပြီ။
Pyae Phyo Thein

ဖရိုစီနိုနီနဲ့ပွဲမှာ ဂျူဗင်တပ်စ်အတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီးနောက်မှာ ရော်နယ်ဒိုရဲ့ စီးရီးအေသွင်းဂိုး စုစုပေါင်းက (၁၉)ဂိုးအထိ ရှိလာခဲ့ပါတယ်။

ဒါကြောင့်လည်း ရော်နယ်ဒိုဟာ ဥရောပရွှေဖိနပ်ဆုအတွက် ပြိုင်ပွဲမှာ မဟာပြိုင်ဘက်ကြီး လီယွန်နယ်မက်ဆီနဲ့ အကြိတ်အနယ်ဖြစ်လာခဲ့ပြီး မက်ဆီရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်လာခဲ့ပြီ ဖြစ်ပါတယ်။



ဂျူဗင်တပ်စ်အတွက် နောက်ဆုံးကစားပေးခဲ့တဲ့ စီးရီးအေ (၃)ပွဲမှာ ရော်နယ်ဒိုက (၄)ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းအတွက် နိုင်ပွဲတွေ ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာလည်း ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ အမှတ်ပေးပွဲ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော အသင်းအဖြစ် ရပ်တည်နေပြီး (၂၄)ပွဲကစားအပြီးမှာ (၂၁)ပွဲအထိ အနိုငရရှိထားခဲ့ပါတယ်။

ဂျူဗင်တပ်စ်မှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ကို ပြသနေခဲ့တဲ ရော်နယ်ဒိုဟာ မက်ဆီရဲ့နောက်မှာ (၂)ဂိုးအကွာနဲ့ ရပ်တည်နေခဲ့ပြီးတော့ ဥရောပရွှေဖိနပ်ဆုအတွက် ခြိမ်းခြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဥရောပရွှေဖိနပ်ဆုကို ရော်နယ်ဒိုက (၄)ကြိမ်တိတိ သိမ်းပိုက်ထားခဲ့ဖူးပြီးတော့ ဂျူဗင်တပ်စ်ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ရရှိဦးမလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒီရာသီမှာ မက်ဆီက လာလီဂါပွဲ (၂၁)ပွဲ ကစားပေးထားပြိး သွင်းဂိုး (၂၁)ဂိုး ရရှိခဲ့ကာ တစ်ပွဲကိုတစ်ဂိုးနှုန်းသွင်းပြီး ခြေစွမ်းပြနေခဲ့ပါတယ်။ ရော်နယ်ဒိုကလည်း စီးရီးအေပွဲ (၂၄)ပွဲ ကစားပေးထားပြီး (၁၉)ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ မက်ဆီက ပြိုင်ပွဲစုံ (၂၉)ပွဲမှာ (၂၉)ဂိုးအထိ သွင်းယူထားနိုင်သလို ရော်နယ်ဒိုက ပြိုင်ပွဲစုံ(၃၂)ပွဲ ကစားပေးထားပြီး (၂၁)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

မဟာပြိုင်ဘက် ကစားသမားနှစ်ယောက်ကတော့ သက်ဆိုင်ရာအသင်းတွေမှာ အသီးသီး ခြေစွမ်းပြနေခဲ့ပြီး ဥရောပရွှေဖိနပ်ဆုအတွက် အကြိတ်အနယ်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ လာလီဂါကနေ ရော်နယ်ဒို ထွက်ခွာသွားခဲ့ပေမယ့်လည်း မက်ဆီရဲ့ အဓိကပြိုင်ဘက်အဖြစ် ရော်နယ်ဒိုက ရှိနေဆဲဖြစ်ပြီး ဥရောပပြိုင်ဆိုင်မှုမှာ ဘယ်သူက အသာစီးရမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က