လေယာဉ်ပျက်ကျမှုမှာ အသက်ဆုံးရှုံးသွားတဲ့ ဆာလာကိုဂုဏ်ပြုမှုအဖြစ် အခုလို သူဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၉ ဂျာစီကို ရာသက်ပန်အနားပေးလိုက်တာဖြစ်ပြီး အသင်းရဲ့ ကွင်းအရှေ့မှာ ချိတ်ဆွဲထားတဲ့ မျှော်လင့်ချက်စာသားကိုလည်း အခုအခါ ပြန်လည် ဖြုတ်သိမ်းနေပြီ ဖြစ်ပါတယ်။
ပြင်သစ်ကလပ် နန်တက်စ်အသင်းကတော့ လေယာဉ်ပျက်ကျပြီး အသက်ဆုံးရှုံးသွားခဲ့တဲ့ အသင်းရဲ့တိုက်စစ်မှူး ဆာလာကို ဂုဏ်ပြုတဲ့အနေနဲ့ သူဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၉ ဂျာစီကို ရာသက်ပန် အနားပေးလိုက်ပြီလို့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဆာလာအနေနဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က နန်တက်စ်ကနေ ကာဒစ်ကို လေယာဉ်ဖြင့်ထွက်ခွာလာခဲ့ပြီး ည ၈ နာရီ ၅၀ အရောက်မှာတော့ ရေဒါမြင်ကွင်းကနေ ပျောက်သွားတာ ဖြစ်ပါတယ်။
ထိုချိန်ကတည်းက လေယာဉ်ပျက်ကျခဲ့ပြီလို့ ယူဆထားခဲ့ပေမယ့်လည်း ကမ္ဘာ့ဘောလုံးလောကနဲ့သူ့ ပရိသတ်တွေကတော့ ဆာလာပြန်လာနိုးမျှော်လင့်ခဲ့ကြပါသေးတယ်။ အခုအခါမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆာလာလို့ အတည်ပြုလို့ရမယ့် ရုပ်အလောင်းတစ်ခုကို လေယာဉ်ပျက်ထဲက ပြန်လည်တွေ့ရှိခဲ့ပြီလို့ ကြေညာခဲ့တာကြောင့် သူ့ရဲ့ ကလပ်အသင်းဖြစ်တဲ့ နန်တက်စ် အသင်းဟာလည်း ဆာလာကို သေဆုံးခဲ့ပြီလို့ ယုံကြည်လိုက်တာပါ။
ဒါကြောင့် အသင်းရဲ့ ကွင်းအရှေ့မှာ ချိတ်ဆွဲထားတဲ့ မျှော်လင့်ချက်ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်တွေကို လည်း ပြန်လည်ဖြုတ်သိမ်းနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဆာလာဟာ ဒီဇန်နဝါရီ ဈေးကွက်မှာ နန်တက်စ်အသင်းကနေ ပရီးမီးယားလိဂ် ကလပ် ကာဒစ်အသင်းထံ ပေါင် ၁၅ သန်းနဲ့ သဘောတူညီခဲ့ပြီး ကာဒစ်နဲ့ ပူးပေါင်းဖို့ လေယာဉ်နဲ့အလာ အခုလို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ဆာလာဟာ နန်တက်စ်အသင်းကို ၂၀၁၅ ခုနှစ်က ရောက်ရှိခဲ့သူ ဖြစ်ပြီး သူကစားခဲ့တဲ့ ၄ နှစ်တာ ကာလအတွင်းမှာ အသင်းအတွက် ၄၂ ဂိုးထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။