ပထမပိုင်း ၁၅ မိနစ်မှာပဲ လူစားလဲလှယ်ခံခဲ့ရတာပါ။

အာဆင်နယ်ကြယ်ပွင့်ဟောင်း ဖရန်စစ်ကိုကွီလင်ဟာ အင်္ဂါနေ့ညက ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မေဆင်မောင့်ကို ကြောက်မက်ဖွယ်ဖျက်ထုတ်ခဲ့မှုကြောင့် ချယ်ဆီးပရိသတ်တွေရဲ့ ဒေါသထွက်ခြင်းကို ခံနေရတယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မေဆင်မောင့်ဟာ ဗလင်စီယာကွင်းလယ်ကစားသမား ကိုကွီလင်ရဲ့ ကြမ်းတမ်းစွာ ဖျက်ထုတ်ခံရမှုကြောင့် ပြင်းထန်တဲ့ဒဏ်ရာရရှိသွားခဲ့ပြီး ပထမပိုင်းစတင်ပြီး ၁၅ မိနစ်မှာပဲ ပက်ဒရိုနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ကိုကွီလင်ဟာ ဘောလုံးကို ပေးပို့ခဲ့ရာမှာ မေဆင်မောင့်ရဲ့ ခြေချင်းဝတ်ကို ကန်မိခဲ့တာဖြစ်ပြီး မေဆင်မောင့်ဟာ ချက်ချင်းဆိုသလို လဲကျသွားခဲ့ပြီးနောက် ကွင်းအတွင်းမှာ ၂ မိနစ်၊ ၃ မိနစ်လောက် ကုသခံယူခဲ့ရပါတယ်။

မေဆင်မောင့်ဟာ ကုသမှုခံယူပြီးနောက် မတ်တပ်ပြန်ရပ်ပြီး ဆက်ကစားဖို့ ကြိုးစားခဲ့ပြီး ကိုကွီလင်ကတော့ ကြမ်းတမ်းစွာဖျက်ထုတ်မှုအတွက် အဝါကတ်ပြားသာ ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မေဆင်မောင့်ဟာ ဆက်ကစားဖို့အတွက် အဆင်မပြေတော့တဲ့အတွက် လူစားလဲလှယ်ခြင်းခံဖို့ ဆုံးဖြတ်ခဲ့ပြီး ဥမင်အတွင်းကို ခေါင်းငိုက်စိုက်နဲ့ ဆင်းသွားခဲ့တာဖြစ်ပါတယ်။





မေဆင်မောင့်ဟာ ယခုရာသီအစမှာ ချယ်ဆီးအသင်းအတွက် အံ့အားသင့်ဖွယ် ခြေစွမ်းကောင်းပြသနေသူဖြစ်ပြီး ယခုအပတ်မှာ လီဗာပူးအသင်းနဲ့ကစားရမယ့် ပွဲစဉ်ကို လွဲချော်တော့မယ်လို့ ယူဆရပါတယ်။ ချယ်ဆီးအသင်းပရိသတ်တွေဟာ မေဆင်မောင့်ကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့တဲ့ ကိုကွီလင်ကို တွစ်တာလူမှုကွန်ရက်မှာ ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။




“မောင့်ကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့တဲ့အတွက် ကိုကွီလင် ထုတ်ပယ်ခံရသင့်ပါတယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး အခြားပရိသတ်တစ်ဦးကလည်း “ကိုကွီလင်က အောက်တန်းကျတဲ့ကစားသမားပဲ”လို့ ဝေဖန်ခဲ့ပါတယ်။



က္က