အင်တာကတော့ ဖိအားတွေအောက်က ရုန်းထွက်နိုင်ခဲ့တာပါ။
Pyae Phyo Thein

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် အုပ်စု (ခ)ရဲ့ နောက်ထပ်တစ်ပွဲဖြစ်တဲ့ အင်တာမီလန် နဲ့ စပါးတို့ရဲ့ ပွဲကိုလည်း ဘာစီလိုနာပွဲနဲ့ တစ်ချိန်တည်းမှာ ကစားခဲ့ပါတယ်။ အမှတ်ပေးပြိုင်ပွဲမှာ ရှုံးပွဲကိုယ်စီ ရင်ဆိုင်ထားရတဲ့ (၂)သင်းဖြစ်တာကြောင့် ဖိအားတွေအောက်က ရုန်းထွက်ပြရမယ့်ပွဲ ဖြစ်ခဲ့ပြီး အကြိတ်အနယ် ရှိခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။


 

အိမ်ရှင်အင်တာမီလန်အသင်းကတော့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အီကာဒီအပါအဝင် အဓိကကစားသမားတွေဖြစ်တဲ့ နိုင်ဂိုလန်၊ ပါရီဆစ်၊ မီရန်ဒါ၊ ဟန်ဒါနိုဗစ်အစရှိတဲ့ ကစားသမားတွေ ပါဝင်ခဲ့သလို စပါးအသင်းကလည်း ဆွန်ဟောင်မင်၊ ဟယ်ရီကိန်း နဲ့ အဲရစ်ဆန်တို့လို အမာခံကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာ အင်တာမီလန်က ဖိအားပေးကစားနိုင်ခဲ့ပြီး အဆုံးသတ်ပိုင်း နဲ့ ဖန်တီးပေးပို့မှုပိုင်းမှာ အားနည်းနေခဲ့လို့ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ စပါးကတော့ ပုံမှန်ခြေစွမ်းသာ ရှိနေခဲ့ပြီး အဝေးကွင်းမှာ အမှတ်ရရှိဖို့သာ ဦးစားပေးခဲ့တဲ့ ပုံစံရှိခဲ့ပါတယ်။ အင်တာမီလန်ရဲ့ တိုက်စစ်ပိုင်းဟာ တော်တော်လေးကို အားနည်းနေခဲ့ပြီး တစ်ပွဲလုံးမှာမှ ဂိုးပေါက်တည့်မှုဟာ (၅)ကြိမ်တောင် မပြည့်ခဲ့ပါဘူး။

 

ဒီအနေအထားမှာ ဧည့်သည်အသင်းက ပိုမိုသာလွန်ခဲ့ပြီး တိုက်စစ်ပိုင်းက ဂိုးကန်သွင်းမှု (၇)ကြိမ်အထိ ရှိခဲ့ပါတယ်။ ဖိအားတွေ ရှိနေခဲ့တဲ့ စပယ်လက်တီအတွက် မဖြစ်မနေ အနိုင်ယူပြရမယ့် ပွဲဖြစ်ခဲ့ပေမယ့်လည်း အင်တာမီလန်ရဲ့ ကစားပုံက အားရစရာမရှိပဲ နေရာတိုင်းမှာ အားနည်းချက်တွေ ရှိနေခဲ့တာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

 

ပထမပိုင်းမှာ ဂိုးမရှိသရေပွဲ ဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်း (၅၄)မိနစ်မှာတော့ အဲရစ်ဆန်က လာမယ်လာရဲ့ ဖန်တီးပေးမှုကနေ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဆန်စီရိုမှာ စပါးတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ အင်တာမီလန် ကစားပုံကို မြှင့်တင်ခဲ့ပြီး ချေပဂိုးရဖို့ အစွမ်းကုန်အားထုတ်ခဲ့တာကြောင့် ပွဲက အသက်ဝင်လာခဲ့ပြီး ကြည့်ကောင်းခဲ့ပါတယ်။

 

ဒါကြောင့်လည်း (၈၆)မိနစ်မှာ အဆာမိုရဲ့ ဖန်တီးပေးမှုကို အီကာဒီ အဆုံးသတ်နိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ ချေပဂိုး ပြန်ရခဲ့ပြီး အသက်ရှူချောင်ခဲ့ပါတယ်။ ဒီရလာဒ်အတိုင်း ပွဲပြီးဆုံးတော့မယ်လို့ ထင်ခဲ့ရပေမယ့်လည်း နာကျင်အချိန်ပို (၄)မိနစ် ပေးခဲ့ရာမှာ (၂)မိနစ်မှာတော့ အင်တာမီလန်ကစားသမား ဗီစင်နိုက အနိုင်ဂိုးကို သွင်းယူခဲ့တာကြောင့် စပါးတို့ ဆန်စီရိုမှာ ရေတိမ်နစ်ခဲ့ရပါတော့တယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က