ရော်နယ်ဒိုအကြောင်း သိနေတဲ့အတွက် နောက်ပြောင်ခဲ့တာပါ။
Kg Htet

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ပက်ထရစ်အီဗရာဟာ အသင်းဖော်ဟောင်း ခရစ်စတီယာနိုရော်နယ်ဒိုကို တွစ်တာမှာ ချစ်စနိုးနဲ့ နောက်ပြောင်ကျီစယ်ခဲ့တယ်လို့ The Sun ရဲ့သတင်းအရ သိရပါတယ်။

ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ဟောင်း အီဗရာက မန်ချက်စတာယူနိုက်တက်အသင်းကို ရော်နယ်ဒို စတင်ပြောင်းရွှေ့ခဲ့တဲ့ ၁၆ နှစ်ပြည့်အမှတ်တရအဖြစ် တင်ထားတဲ့ B/R Football ရဲ့ပို့စ်မှာ စာပြန်ရေးသားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ အီဗရာတို့ဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်အသင်းမှာ အတူတူကစားခဲ့ကြသူတွေဖြစ်ပါတယ်။



အီဗရာနဲ့ရော်နယ်ဒိုတို့ဟာ ၂ နှစ်ခွဲခန့်သာ အသင်းဖော်တွေဖြစ်ခဲ့ကြပေမယ့် လက်ရှိအချိန်အထိ ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ ခိုင်မာတဲ့ ဆက်ဆံရေးမျိုးရှိကြသူတွေဖြစ်ပါတယ်။ မကြာသေးမီကမှ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ အီဗရာက ၎င်းရဲ့အသင်းဖော်ဟောင်း ရော်နယ်ဒိုကို စက်ယန္တရားတစ်ခုလို့ ခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့် ရော်နယ်ဒိုဟာ မယုံကြည်နိုင်ဖွယ်ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမျိုးရှိပြီး အလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ်မညှာဘဲ ပြင်းပြင်းထန်ထန်လေ့ကျင့်တတ်သူလို့ နာမည်ကျော်ကြားသူဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့မနားမနေ လေ့ကျင့်တတ်တဲ့ဉာဉ်ကို သိနေတဲ့ အီဗရာက “သူက စက်ယန္တရားပါ။ နေ့လယ်စာစားဖို့ဆိုုပြီး သူ့အိမ်ကို ယောင်လို့တောင် မသွားကြပါနဲ့။ နောက်ထပ်လေ့ကျင့်ရေးအစီအစဉ်ရောက်နေသလို ဖြစ်သွားလိမ့်မယ်”လို့ နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။

အီဗရာဟာ အခုလို နောက်ပြောင်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်ကလည်း ITV နဲ့ တွေ့ဆုံရာမှာလည်း ရော်နယ်ဒိုကို နောက်ပြောင်ခဲ့ပါသေးတယ်။

“ကျွန်တော် အားလုံးကို အကြံပေးချင်ပါတယ်။ ရော်နယ်ဒိုက ခင်ဗျားကို နေ့လယ်စာစားဖို့ ဖိတ်တဲ့အခါကျရင် ဟင့်အင်းလို့ပဲ ပြောလိုက်ပါ”

“သူ တစ်ခါက ပြောခဲ့ဖူးတယ်။ ပက်ထရစ်ရေ လေ့ကျင့်ရေးပြီးရင် လာခဲ့ပါဦးတဲ့”

“ကျွန်တော်လည်း မသိဘူးလေ။ သူ့ဆီသွားခဲ့တာပေါ့။ ခင်ဗျားသိတဲ့အတိုင်းပဲ။ ကျွန်တော် တော်တော်ပင်ပန်းနေပြီဗျ။ စားမယ်လည်းလုပ်ရော စားပွဲပေါ်မှာ အရွက်သုပ်နဲ့ ကြက်သားအဖြူထည်ချက်ထားတယ်။ ကျွန်တော်ကလည်း ကောင်းပြီ စားတာပေါ့ဆိုပြီး ရေနဲ့မျှောချရတယ်။ ဖျော်ရည်တောင်မပါဘူး”

“ကျွန်တော်တို့ စစားတဲ့အချိန်မှာ စဉ်းစားမိတာက ဒီဟာစားပြီးရင် နောက်ထပ် အသားကြီးငါးကြီးတစ်ခုခု လာဦးမယ်လို့ပေါ့။ ဒါပေမယ့် ဘာမှ ရောက်မလာခဲ့ဘူး”

“သူက စားလည်းပြီးရော မတ်တပ်ထရပ်လိုက်တယ်။ အဲဒီမှာ ဘောလုံးနဲ့ စဆော့တော့တာပဲ။ တချို့စကေးလေးတွေပြပြီးတော့ ပြောတာက ဘောလုံးကို ၂ ချက်ထိတမ်း ကစားရအောင်တဲ့”

“ကျွန်တော်ကလည်း ငါ စားတာလေး ပြီးအောင် စားပါရစေဦးကွာလို့ဆိုတော့ သူက မရဘူး။ အခုပဲ ၂ ချက်ထိ ကစားကြမယ်တဲ့”

“ကျွန်တော်တို့ ၂ ချက်ထိ ကစားကြတယ်။ ပြီးတော့ သူက ရေကူးကန်မှာ ရေသွားကူးကြရအောင်တဲ့။ ကျွန်တော်ကလည်း အေးပေါ့။ ပြီးတော့ ရေနွေးစိမ်တယ်။ ပြီးတော့ ချွေးထုတ်တယ်။ ကျွန်တော်ကတော့ မှတ်သွားတယ်”

“ကျွန်တော်က ခရစ်စတီယာနို ငါတို့ ဘာကြောင့် ဒီကို လာတာလဲ။ မနက်ဖြန်ပွဲရှိလို့ ငါတို့ဒီကို လာတာလား ဒါမှှမဟုတ် နေ့လယ်စာလေးပဲ လာစားမိတာလားလို့ ပြောလိုက်တယ်”

“အဲဒါကြောင့် ရော်နယ်ဒိုက ခင်ဗျားတို့ကို သူ့အိမ်မှာ နေ့လယ်စာလာစားဖို့ ဖိတ်ရင် ဟင့်အင်းဆိုပြီး ငြင်းဖို့ ပြောတာ။ ဘာလို့လဲဆိုတော့ သူက စက်ရုပ်။ လေ့ကျင့်တာကို သူ ရပ်ကိုမရပ်ချင်ဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က