ဘာစီလိုနာအသင်းအတွက် ဆုံးဖြတ်ချက်ချရတော့မယ့်အချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာလိုနေတယ်လို့ ပြောကြားထားတဲ့ ကြယ်ပွင့်တိုက်စစ်မှူး နေမာကို ရောင်းထုတ်လိုတဲ့ဆန္ဒရှိနေပြီး ၂၀၁၇ ခုနှစ်တုန်းက နေမာကို နူးကမ့်ကနေ ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးအတိုင်း ဘာစီလိုနာအသင်းက ပြန်ကမ်းလှမ်းခဲ့မယ်ဆိုရင် လက်ခံဖို့ အဆင်သင့်ဖြစ်နေတယ်လို့ Foxsportsasia သိရပါတယ်။

နေမာဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီအသင်းကနေ ၎င်းရဲ့အိမ်ဖြစ်တဲ့ နူးကမ့်ကို ပြန်လည်ပြောင်းရွှေ့လိုကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားထားသူဖြစ်ပြီး ပီအက်စ်ဂျီအသင်းကလည်း ရောင်းထုတ်ချင်တဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။ Le Parisien ရဲ့သတင်းအရ ပီအက်စ်ဂျီအသင်းဟာ ၂၀၁၇ ခုနှစ်တုန်းက နေမာအတွက် ဘာစီလိုနာအသင်းကို ပေးချေခဲ့ရတဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းအတိုင်း ကမ်းလှမ်းလာခဲ့မယ်ဆိုရင် နေမာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ခွာခွင့်ပြုသွားမယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဒုဥက္ကဌ ကာဒိုနာက အသင်းဘုတ်အဖွဲ့အနေနဲ့ နူးကမ့်ကို ပြန်လာလိုတဲ့ နေမာရဲ့ ဆန္ဒကို သတိပြုမိကြောင်း ပြောကြားခဲ့ပြီး လက်ရှိအချိန်အထိ ဆုံးဖြတ်ချက် ချမှတ်ရခြင်းမရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။

“ကစားသမားဘက်ကတော့ နူးကမ့်ကို ပြန်လာဖို့ ဆန္ဒရှိနေပြီး အခု ကျွန်တော်တို့ ဆုံးဖြတ်ရတော့မှာပါ”

“မီဒီယာတွေက ဒီသတင်းကို အရှိန်အဟုန်နဲ့ တွန်းအားပေးနေပေမယ့်လည်း ဆုံးဖြတ်ချက်က ကျွန်တော်တို့ကြားမှာပဲ ရှိနေတာပါ။ နေမာရဲ့အပြောင်းအရွှေ့ကို ခွင့်ပြုမလား၊ ခွင့်မပြုဘူးလားဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

နေမာဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် ဘရာဇီးလ်အသင်းရဲ့ ကိုပါအမေရိကပြိုင်ပွဲကို လွဲချော်နေသူဖြစ်ပြီး ဘရာဇီးလ်အသင်းဟာ ၎င်းတို့ရဲ့ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ နေမာမပါဝင်ပေမယ့်လည်း ကိုပါအမေရိကဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။



က္က