ယနေ့မှာ စထရက်ဘော့ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားမှာပါ။

ဘရာဇီးလ်လက်ရွေးစင်ကြယ်ပွင့်နေမာဟာ ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် စထရက်ဘော့အသင်းနဲ့ပွဲစဉ်မှာ အသင်းပရိသတ်တွေရဲ့ ဆိုးရွားတဲ့ဆက်ဆံမှုမျိုးကို မျှော်လင့်ထားဖို့ သတိပေးခံခဲ့ရတယ်လို့ သိရပြီး ပီအက်စ်ဂျီအသင်းက နေမာဟာ ၎င်းတို့ကို အရှက်ရအောင် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြခဲ့ကြောင်း Sportskeeda ရဲ့သတင်းအရ သိရပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို ဘာစီလိုနာအသင်းကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယေဘုယျအားဖြင့် ကြံ့ခိုင်မှုပြည့်ဝနေချိန်မှာ ပီအက်စ်ဂျီအသင်းအတွက် စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။

နေမာဟာ ယခုနွေရာသီမှာ နူးကမ့်ကို ပြန်သွားဖို့အတွက် ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံရမှုတွေ ရှိနေပြီး ဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမြူက အသင်း ၂ သင်းကြားမှာ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အတည်ပြုပြောကြားခဲ့ပြီးနောက် နေမာကို ပြန်လည်ခေါ်ယူနိုင်ဖို့ ယုံကြည်ချက်ရှိကြောင်း ဘာစီလိုနာအဓိကကစားသမားတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ နေမာအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၁၃၀ အပြင် ရာကီတစ်၊ တိုဘီဒိုနဲ့ ဒမ်ဘီလီတို့ကို အငှားပြန်ချပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ဒမ်ဘီလီရဲ့ နှုတ်ဆိတ်နေမှုကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းရဲ့ လီဂူးဝမ်းအဖွင့်ပွဲစဉ်မတိုင်မီမှာ ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုကို ၎င်းအနေနဲ့ အသင်းကို စွန့်ခွာလိုခြင်းမရှိတော့ကြောင်း ထုတ်ပြန်ကြေညာချက် ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် လီယိုနာဒိုရဲ့ဒေါသထွက်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။


“ဘောလုံးနဲ့ပတ်သက်တဲ့ခံစားမှုမှာတော့ နေမာဟာ သူ့ရဲ့မျိုးဆက်ထဲမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ ဒါပေမယ့် အဲဒါက ဒီနေ့ ကျွန်တော်တို့အတွက် အရေးကြီးဆုံးအရာနဲ့ တခြားစီမှာရှိနေတာပါ”

“ကျွန်တော်တို့ သူ့ကို စိတ်ပျက်နေကြတာဟာ အခြေအနေအမျိုးမျိုးမှာ အသင်းအပေါ် လေးစားမှုမရှိတဲ့လုပ်ရပ်တွေနဲ့ အရှက်ရအောင်တောင် လုပ်ခဲ့တဲ့အချိန်တုန်းက ကိစ္စတွေကြောင့်ပါ”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။



က္က