စတားလင်းကို အင်္ဂလန်နည်းပြဆောက်ဂိတ်က အသင်းရဲ့ ခေါင်းဆောင်မှုအဖွဲ့ထဲမှာ စာရင်းသွင်းထားတယ်လို့ ပြောပါတယ်။
ဟော်လန်အသင်းနဲ့ ကစားရမယ့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲအတွက် အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်တာဝန်ကို တိုက်စစ်မှူး စတားလင်းကို ပေးအပ်သွားမယ်လို့ Daily Mail ကဖော်ပြပါတယ်။ ဇွန်လ ၆ ရက်နေ့မှာ ဟော်လန်နဲ့ အင်္ဂလန်၊ ပေါ်တူဂီးနဲ့ ဆွစ်ဇာလန်တို့ နေးရှင်းလိဂ် ဆီမိးဖိုင်နယ်အဖြစ် ကစားကြမှာပါ။
လက်ရှိ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ခြေကျင်းဝတ်ဒဏ်ရာရထားပြီး ဒဏ်ရာက ပြန်ကောင်းလာပါကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲရှိနေသေးတာကြောင့် ဟော်လန်နဲ့ ပွဲစဉ်ကို လက်လွှတ်ရဖို့ ရှိနေတာပါ။
ဒုတိယအသင်းခေါင်းဆောင်ဖြစ်တဲ့ ဟန်ဒါဆင်ကလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် လီဗာပူးနဲ့ ကစားရမှာဖြစ်တာကြောင့် ဟော်လန်ပွဲအတွက် ပါဝင်ဖို့ မရှိနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ဆောက်ဂိတ်ရဲ့ ပြောစကားအရ စတားလင်းက အသင်းခေါင်းဆောင်ဖြစ်ဖို့ များနေတာ ဖြစ်တဲ့အကြောင်း Daily Mail က ဖော်ပြလာတာပါ။
“ စွမ်းဆောင်ရည်အပေါ်မူတည်နေပါတယ်။ဒါပေမယ့် စတားလင်းကို အသင်းရဲ့ ခေါင်းဆောင်ပိုင်းမှာ ထည့်သွင်းထားပါတယ်။ အသင်းခေါင်းဆောင်အတွက်ကတော့ လာမယ့် နှစ်ပတ်အတွင်း ဆုံးဖြတ်ပါမယ်။ နောက်ဆုံး ၁၂လအတွင်း အသင်းနဲ့ ဘယ်လောက် ပါဝင်ကစားနိုင်ခဲ့လဲဆိုတဲ့အပေါ်မှာ မူတည်ဆုံးဖြတ်ပါမယ်” လို့ ဆောက်ဂိတ်က Mirror သတင်းဌာနကို ပြောသွားတာပါ။
လက်ရှိမှာလည်း စတားလင်းအနေနဲ့ အင်္ဂလန်ရဲ့ ဂုဏ်ထူးဆောင် ကစားသမားတစ်ဦးအဖြစ် ကွင်းတွင်းမှာရော ကွင်းပြင်မှာပါ ရှိနေသူဖြစ်ပြီး PFA ရဲ့တစ်နှစ်တာ လူငယ်အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားသူပါ။ အသက် ၂၄ နှစ်အရွယ်နဲ့ မန်စီးတီးအသင်းအတွက် ဒီနှစ်မှာ ၁၇ ဂိုးသွင်းပြီး ၁၀ ဂိုး ဖန်တီးပေးထားနိုင်ပြီ ဖြစ်ကာ ပထမဆုံး နှစ်နှစ်ဆက် လိဂ်ဖလားကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။