မြင့်မားတဲ့လစာပမာဏပေးချေဖို့ တောင်းဆိုခဲ့တာပါ။
Kg Htet

ရီးရဲမက်ဒရစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေးခဲ့ပြီး ပေါ့ဂ်ဘာရဲ့ မြင့်မားတဲ့လစာပမာဏပေးချေဖို့ တောင်းဆိုမှုကြောင့် အရှိုက်ထိခဲ့တယ်လို့ ပြင်သစ်က သတင်းတွေအရ သိရပါတယ်။

ရီးရဲမက်ဒရစ်နဲ့ ချယ်ဆီးတို့ဟာ ယူရိုသန်း ၁၀၀ နဲ့ သဘောတူညီမှုရရှိခဲ့ပြီးနောက် အီဒင်ဟာဇက်ဟာ ယခုနွေရာသီ ရီးရဲမက်ဒရစ်အသင်း တိုက်စစ်အတွက် ပထမဆုံးခေါ်ယူနိုင်တဲ့ကစားသမား ဖြစ်လာတော့မှာပါ။



ကစားသမားခေါ်ယူတဲ့ ကြေညာမှုကို ယခုလနှောင်းပိုင်းမှာ ယှဉ်ပြိုင်ကစားမယ့် ချယ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပြီး ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းဟာ အသင်းကို သွေးသစ်လောင်းဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ပေါ့ဂ်ဘာဘက်ကို ခြေဦးလှည့်ခဲ့ပါတယ်။ L’Equipe ရဲ့သတင်းအရ ဇီဒန်းဟာ ဟာဇက်ကိုခေါ်ယူနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်နေပြီး လက်ရှိအချိန်မှာ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပေါ့ဂ်ဘာက တစ်နှစ်လုပ်ခလစာကို ယူရို ၁၅ သန်းအထိ တောင်းဆိုခဲ့တယ်လို့ သိရပြီး ပေါ့ဂ်ဘာရဲ့တောင်းဆိုမှုဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ မျှော်မှန်းချက်နဲ့ မကိုက်ညီခဲ့ဘူးလို့ ဆိုပါတယ်။ မက်ဒရစ်သတင်းရင်းမြစ်တစ်ဦးက “နေမာ ဒါမှမဟုတ် ဘတ်ပီတို့ဟာ အသင်းရဲ့လူစာရင်းမှာ ဝင်ဝင်ချင်းလစာအများဆုံးကစားသမားဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာကတော့ မဟုတ်ပါဘူး”လို့ L’Equipe ကို ပြောကြားသွားခဲ့ပါတယ်။


Author


က္က