ရီးရဲမက်ဒရစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ပေါ့ဂ်ဘာကို ခေါ်ယူဖို့ လက်လျှော့မှာမဟုတ်ဘဲ အသင်းရဲ့ကစားသမား ဂါရတ်ဘေးလ်ကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းသွားမယ်လို့ AS သတင်းဌာနက ဖော်ပြပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာအတွက် သဘောတူညီမှုရရှိဖို့ ဆွေးနွေးညှိနှိုင်းဖို့ လက်ရှိအချိန်အထိ ငြင်းပယ်နေဆဲဖြစ်တယ်လို့ သိရပြီး ရီးရဲမက်ဒရစ်ကလည်း ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကနေ ပေါင် ၈၉ သန်းနဲ့ အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပြီး အသင်းကနေ ထွက်ခွာလိုကြောင်း ပြသခဲ့တာဖြစ်ပါတယ်။
ရီးရဲမက်ရစ်အသင်းနည်းပြ ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ပေါ့ဂ်ဘာကို အလွန်နှစ်သက်သူဖြစ်ပြီး ပေါ့ဂ်ဘာဟာ ခံစစ်ဘယ်လိုပြင်ရမလဲ၊ တိုက်စစ် ဘယ်လိုဆင်ရမလဲဆိုတာ အားလုံးသိတဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရီးရဲမက်ဒရစ်ဟာ ပေါ့ဂ်ဘာကိုခေါ်ယူရန်အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ကာလရှည်ပစ်မှတ်ထားခဲ့တဲ့ ဂါရတ်ဘေးလ်ကိုပါ ထည့်သွင်းပြီး ကမ်းလှမ်းလိုတဲ့ဆန္ဒရှိနေတယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း ဝေးလ်စ်လက်ရွေးစင်ကြယ်ပွင့် ဂါရတ်ဘေးလ်ဟာ ရီးရဲမက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၂ ခုနှစ်အထိ ဘာနေဗျူးမှာသာ ဆက်နေချင်ကြောင်း အသင်းကို ပြောကြားခဲ့တယ်လို့ AS ရဲ့သတင်းအရ သိရပါတယ်။