ယူနိုက်တက်က ပေါ့ဂ်ဘာအတွက် ပေါင် ၁၃၅ သန်း သတ်မှတ်ထားတာပါ။

ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့အတွက် Adidas ကို စပွန်ဆာကြေး တိုးမြှင့်ပေးဖို့ အကူအညီတောင်းခံခဲ့တယ်လို့ Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာလိုနေတာဖြစ်ပြီး ဂျူဗင်တပ်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့က ခေါ်ယူဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ မကြာသေးမီက အာရှခရီးစဉ်မှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာလိုကြောင်း လူသိရှင်ကြားပြောကြားခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့စပွန်ဆာလည်းဖြစ်၊ ပေါ့ဂ်ဘာရဲ့စပွန်ဆာလည်းဖြစ်တဲ့ Adidas ကို ပေါ့ဂ်ဘာအတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးပေါင် ၁၃၅ သန်း ရရှိဖို့အတွက် ကူညီပေးဖို့ တောင်းဆိုသွားမယ်လို့ Corriere dello Sport ရဲ့သတင်းအရ သိရပါတယ်။

စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းဟာ လာမယ့် ၈ နှစ်အထိ Adidas နဲ့ ပေါင် ၃၆၆ သန်းတန်ကြေးရှိတဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး ယနေ့နံနက်ထုတ် Corriere dello Sport သတင်းစာမျက်နှာဖုံးခေါင်းကြီးပိုင်းမှာ ‘ဂျူဗီကို ပေါ့ဂ်ဘာ ပြန်ရောက်လာဖို့ အံ့အားသင့်ဖွယ် စပွန်ဆာပါ ပါဝင်လာပြီ’လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ လွန်ခဲ့တဲ့ ၃ နှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ဂျူဗင်တပ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၄၂ ပွဲမှာ သွင်းဂိုး ၃၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၉ ကြိမ် ပြုလုပ်ထားသူဖြစ်ပါတယ်။



က္က