ဒီဆုကိုရရှိတဲ့ ပထမဆုံးအာရှသားဖြစ်လာခဲ့တာပါ။
Pyae Phyo Thein

ဆွန်ဟောင်မင်ဟာ ကိုက် ၉၀ အကွာအဝေးကို ၁၁ စက္ကန့်အတွင်း ဘောလုံးနဲ့အတူဆွဲပြေးခဲ့ကာ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။


တော့တင်ဟမ်အသင်းရဲ့ တိုက်စစ်ကစားသမားဆွန်ဟောင်မင်ဟာ ဘန်လေနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ တစ်ကိုယ်တော်သွင်းဂိုးနဲ့ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆုကို ဆွတ်ခူးရရှိခဲ့ပြီဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ ကိုက် ၉၀ အကွာအဝေးကို ၁၁ စက္ကန့်အတွင်း ဘောလုံးနဲ့အတူဆွဲပြေးခဲ့ကာ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘန်လေအသင်းရဲ့ တိုက်စစ်ဆင်မှုကနေ မိမိဂိုးဧရိယာထိပ်မှာ ဆွန်ဟောင်မင်က ဘောလုံးပြန်ရခဲ့ပြီးနောက် တစ်ဦးတည်းဆွဲပြေးခဲ့တာဖြစ်ပါတယ်။ ဘန်လေကကစားသမား ၃ဦးက လိုက်လံဟန့်တားခဲ့ပေမယ့် မအောင်မြင်ခဲ့သလို အခြားသောကစားသမားနှစ်ဦးကလည်း ဝင်ရောက်လုယူဖို့ကြိုးစားခဲ့ပေမယ့် ဆွန်ဟောင်မင်က ကျော်ဖြတ်နိုင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

ဒီအတွက်ကြောင့် အဆိုပါဂိုးကို အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခဲ့ပြီး ဆွန်ဟောင်မင်အနေနဲ့ ဂုဏ်ယူဖွယ်ဆုတစ်ခုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာလည်း ဒီဆုကို ရရှိခဲ့တဲ့ ပထမဆုံးအာရှတိုက်သားဖြစ်လာခဲ့တာပါ။ အဆိုပါပွဲစဉ်မှာ စပါးက ၅-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင်က အလှပဆုံးသွင်းဂိုးကို ရယူခဲ့တာဖြစ်ပါတယ်။ 

"ဘောလုံးရချိန်မှာ ကျွန်တော် ပေးပို့ဖို့အတွက် ကြိုးစားခဲ့ပါသေးတယ်၊ ကံနည်းနည်းကောင်းခဲ့ပါတယ်၊ ကျွန်တော် နေရာလွတ်တွေထဲကို ဆွဲပြေးခဲ့ပြီးတော့ ဘယ်သူမှမရှိခဲ့ကြပါဘူး၊ ကောင်းကောင်းအဆုံးသတ်ဖို့ ကြိုးစားခဲ့ပါတယ်၊ ဖြစ်သွားတာတွေက အရမ်းမြန်တယ်၊ ကျွန်တော် ဘယ်လိုအဆုံးသတ်ရမလဲဆိုတာကိုပဲ အာရုံစိုက်ခဲ့ပြီး ဂိုးရချိန်မှာ တကယ်ကိုခံစားခဲ့ရပါတယ်" လို့ ဆွန်ဟောင်မင်က သွင်းဂိုးနဲ့ပတ်သက်ပြီး ပြန်ပြောပြခဲ့ပါတယ်။

တောင်ကိုရီးယားကြယ်ပွင့်ဟာ အခြားသော သွင်းဂိုး ၉ ဂိုးနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်၊ ဒီဘရိုင်းတို့ရဲ့ ဂိုးတွေလည်း ပါဝင်နေခဲ့ပါတယ်။ တစ်လတာအကောင်းဆုံးသွင်းဂိုးတွေထဲကမှ ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးကတော့ တော်တော်လေးချီးကျူးခံခဲ့ရပါတယ်။ 


Author


က္က