ပေါ်တူဂီအသင်းကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်နေတာပါ။
Kg Htet

ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဇာခါဟာ ယနေ့ညမှာ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းမစားတဲ့ ဆွစ်ဇာလန်အသင်းရဲ့စွမ်းဆောင်ရည်ကို သက်သေပြသသွားဖို့ ရည်ရွယ်နေကြောင်း Dailystar က ဖော်ပြခဲ့ပါတယ်။

ဇာခါဟာ အာဆင်နယ်အသင်းရဲ့စွမ်းဆောင်ရည်ကောင်းမွန်တဲ့ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး အာဆင်နယ်အသင်းက ချယ်ဆီးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ဘာကူမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ပြီးနောက် ဆွစ်ဇာလန်အသင်းအတွက် အကောင်းဆုံးအားထုတ်သွားဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။



“အဲဒါက ပြီးခဲ့ပါပြီ။ အတိတ်ရဲ့အစိတ်အပိုင်းတစ်ခုပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တိုု့ လုပ်လို့ရတာဘာမှမရှိပါဘူး”

“အဲဒီတော့ ကျွန်တော်တို့ ရှေ့ကိုဆက်သွားရမှာဖြစ်ပြီး နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဆုဖလားရရှိဖို့ ရည်ရွယ်ချက်ထားရမှာပါ”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ ၇ ရက်လောက်က အီဒင်ဟာဇက်ရဲ့ အံ့အားသင့်ဖွယ်ခြေစွမ်းကြောင့် လဲပြိုခဲ့ရပြီးနောက် ဇာခါဟာ နောက်ထပ်ကမ္ဘာ့အကောင်းဆုံးကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။


“ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ ဟာဇက်ရဲ့ အရည်အသွေးကို မြင်တွေ့ခဲ့ရပါတယ်။ တစ်ရာသီလုံး မြင်တွေ့ခဲ့ရတာပါ”

“သူက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ”

“အခု ကျွန်တော်တို့ နောက်ထပ် ဟာဇက်လိုမျိုး အရည်အသွေးရှိတဲ့ကစားသမားနဲ့ ရင်ဆိုင်ရတော့မှာပါ”


“ကျွန်တော်တို့ အားလုံး ရော်နယ်ဒိုအကြောင်း သိကြပါတယ်။ ဒါပေမယ့် ပေါ်တူဂီက တစ်ယောက်တည်းနဲ့ဖွဲ့စည်းထားတဲ့အသင်းမဟုတ်ပါဘူး”

ဆွစ်ဇာလန်အသင်းဟာ လွန်ခဲ့တဲ့ ၁၈ လခန့်က ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ပေါ်တူဂီအသင်းအိမ်ကွင်းကို လာရောက်ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဇာခါက အဲဒီလိုမျိုး နောက်ထပ်အဖြစ်ခံမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ သူတို့ကို အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီမှာတော့ ကျွန်တော်တို့ ကြောက်ရွံ့နေခဲ့ပြီး လုပ်သင့်သလောက် မလုပ်ရဲခဲ့ကြပါဘူး”

“ဒီအချိန်မှာတော့ ကျွန်တော်တို့ရဲ့ ကြံ့ခိုင်မှုအပေါ်မှာပဲ အာရုံစိုုက်မှာဖြစ်ပြီး အားလုံးကလည်း အနိုင်ရနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က