ယူအီးအက်ဖ်အေက ဂျာစီလဲလှယ်ခွင့် ပိတ်ထားပါတယ်။
Kyaw Ko Ko Sint

ဘိုင်ယန်မြူးနစ်က ၈-၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဂျာစီလဲဖို့ တောင်းခဲ့ပေမယ့် မက်ဆီကတော့ နောက်တစ်ကြိမ်မှ ပေါ့လို့ ပြောပြီး ငြင်းဆန်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆိုဒေဗီးစ်က သူ့အနေနဲ့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲအပြီးမှာ ဂျာစီလဲလှယ်ဖို့ မက်ဆီထံ ခွင့်တောင်းခဲ့ပေမယ့်လည်း ငြင်းပယ်ခံခဲ့ရတယ်လို့ ဖွင့်ဟ ပြောလာခဲ့ပါတယ်။

အယ်လ်ဖွန်ဆိုရဲ့ ဘိုင်ယန်မြူးနစ်ကတော့ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ လိုင်ယွန်နဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ၃-၀နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းသွားပြီ ဖြစ်ပါတယ်။

“ကျွန်တော် ဂျာစီလဲဖို့ သွားခဲ့ပေမယ့်လည်းသူစိတ်ဆိုးနေဟန်တူပါတယ်။ကျွန်တော့်ကို နောက်တစ်ကြိမ်မှပေါ့လို့ ပြန်ပြောပြီး လဲလှယ်ဖို့ ငြင်းဆိုခဲ့ပါတယ်။”လို့ အယ်လ်ဖွန်ဆိုက BT Sport ကိုပြောခဲ့တာပါ။

မက်ဆီ ဒေါသဖြစ်ရင်လည်း ဖြစ်ချင်စရာပါ။ဘာစီလိုနာအသင်းအနေနဲ့ ယခုနှစ်မှာ ဖလားလက်မဲ့ ဖြစ်ခဲ့ပြီး ဒါဟာ ၂၀၀၇-၀၈ နောက်ပိုင်း ပထမဆုံးအကြိမ် ဖလားလက်မဲ့ရာသီ ဖြစ်ခဲ့တာပါ။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းကို တစ်ကျော့တည်းကစားပြီး ၈-၂ဂိုးနဲ့ အသင်းသမိုင်းတစ်လျှောက် စံချိန်တင် အရှက်တကွဲရှုံးနိမ့်နေခဲ့ချိန်မှာ အခုလို ဂျာစီလဲဖို့ ငြင်းဆန်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုဗစ်ကာလအတွင်း ဘောလုံးပွဲတွေကို ကွင်းပိတ်ကစားနေစေတာဖြစ်ပြီး အခြားသော စည်းကမ်းချက်တွေလည်း တင်းကြပ်ထားပါတယ်။အဆိုပါ စည်းကမ်းတွေထဲမှာ ကစားသမားတစ်ဦးနဲ့တစ်ဦး ပွဲအပြီးမှာ ဂျာစီလဲလှယ်ခွင့်မရှိ ဘူးလို့လည်း ထုတ်ပြန်ထားပြီး မက်ဆီနဲ့ ဂျာစီလဲဖြစ်ခဲ့မယ်ဆိုရင် အယ်လ်ဖွန်ဆိုအနေနဲ့ လိုင်ယွန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပါဝင်နိုင်ဖို့ မသေချာ ဖြစ်ခဲ့မှာပါ။

ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ပီအက်စ်ဂျီနဲ့လိုက်ပ်ဇက်ပွဲအပြီးမှာ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက လိုက်ပ်ဇက် ကစားသမားတစ်ဦးနဲ့ ဂျာစီလဲလိုက်တဲ့အတွက် ယူအီးအက်ဖ်အေက နေမာကို ဗိုလ်လုပွဲကစားခွင့် ပြုရေး မပြုရေး လုပ်ဆောင်နေပြီလို့ သိရတာကြောင့်ပါ။

လက်ရှိမှာလည်း မက်ဆီအနေနဲ့ အောင်မြင်မှုတွေနဲ့ ဝေးကွာနေပြီဖြစ်တဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ဆန္ဒ ရှိနေပြီလို့ သတင်းတွေက ဖော်ပြနေကြပြီး နည်းပြသစ် ကိုးလ်မန်းကလည်း အသင်းခေါင်းဆောင် မက်ဆီနဲ့ အရင် ဆုံး စကားပြောဆို ဆွေးနွေးမှုတွေ လုပ်မယ်လို့ ဆိုထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က