ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး မကြာခင်လာတော့မယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda ရဲ့သတင်းက ဖော်ပြပါတယ်။
စီးရီးအေဖလားကို ၈ နှစ်ဆက် ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်း ဝေးကွာနေတဲ့ ဥရောပချန်ပီယံလိဂ်ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့အတွက် မျှော်လင့်နေပါတယ်။
ကစားသမားဘဝတလျှောက် ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့် ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်ကို ကွာတားဖိုင်နယ်အဆင့်အထိ ရောက်အောင်သာ စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ခရစ်စတီယာနိုရော်နယ်ဒိုက မူရီဇီယိုဆာရီရဲ့ဂျူဗင်တပ်အသင်းဟာ ဥရောပမှာ စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်နေပြီး အနှေးနဲ့အမြန်ဆိုသလို ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်လိမ့်မယ်လို့ Marca ကို ပြောကြားခဲ့ပါတယ်။
“ကျွန်တော် မက်ဒရစ်မှာ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပြီးတဲ့နောက်မှာ ကျွန်တော့်အတွက် အပြောင်းအလဲနဲ့ စိတ်ဓာတ်ခွန်အားအသစ်တွေ လိုအပ်ခဲ့ပါတယ်”
“ကျွန်တော် ဆုဖလားတွေ ဆက်လက်ကိုင်မြှောက်နိုင်ဖို့အတွက် ကြံ့ခိိုင်မှုရှိပါသေးတယ်။ ဂျူဗင်တပ်အသင်းက ချန်ပီယံလိဂ်ဖလားကို ရရှိပါလိမ့်မယ်။ ဒီနှစ်လား ဒါမှမဟုတ် နောက်နှစ်လားဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် အဲဒါက ဖြစ်လာတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။