ပြီးခဲ့တဲ့ရာသီက ၂ ကျော့ပေါင်း ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တာပါ။

အက်သလက်တီကိုမက်ဒရစ်အသင်းခေါင်းဆောင် ကိုကီက ဂျူဗင်တပ်အသင်းနဲ့ ချန်ပီယံလိဂ်မှာ ပြန်လည်တွေ့ဆုံရမယ့်ပွဲစဉ်မတိုင်မီ လက်စားချေခြင်းဟာ စိတ်ဓာတ်ခွန်အားရရှိစေတဲ့အဓိကအကြောင်းအရာမဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

ဒီယေဂိုဆီမြွန်နီရဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ လွန်ခဲ့တဲ့ ၆ လခန့်က ဂျူဗင်တပ်အသင်းကို ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့မှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ၂ ကျော့ပေါင်း ၃-၂ နဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဂျူဗင်တပ်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့် တူရင်မြေမှာ ဂျူဗင်တပ်ကြယ်ပွင့်ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးကြောင့် မယုံကြည်နိုင်ဖွယ် အလှည့်အပြောင်းနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

“လက်စားချေမှာမဟုတ်ပါဘူး။ နှစ်တိုင်းက ကွဲပြားခြားနားပါတယ်”

“ကျွန်တော်တို့ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းနဲ့ ကစားရမယ်ဆိုတာကတော့ အမှန်ပါပဲ။ အဲဒီပွဲက ကောင်းမွန်တဲ့ပွဲတစ်ပွဲဖြစ်ပါလိမ့်မယ်”

“ဒါပေမယ့် ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော်တို့အနေနဲ့ အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်အောင် ကြိုးပမ်းရမှာက ပန်းတိုင်ပါ။ ဂျူဗင်တပ် ဒါမှမဟုတ် ဘယ်အသင်းပဲလာလာ ကျွန်တော်တို့ အနိုင်ရအောင် ကစားသွားရမှာပါ”လို့ Marca ကို ပြောကြားသွားခဲ့ပါတယ်။



အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု D မှာ လေဗာကူဆင်၊ ဂျူဗင်တပ်၊ လိုကိုမိုးတစ် မော်စကိုအသင်းတို့နဲ့ အတူကျရောက်နေတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညမှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဂျူဗင်တပ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။



က္က