ဂျူဗင်တပ်အတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာပါ။
Kyaw Ko Ko Sint

ဂျူဗင်တပ်အသင်းအတွက် ချေပဂိုးကို ရမ်ဆေးက ၃၁ မိနစ်မှာ ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုကတဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒီဂိုးက ၃၁ နှစ်အကြာမှ ဂျူဗင်တပ်အသင်းအတွက် ဝေးလ်ကစားသမားတစ်ဦးက ဂိုးပြန်သွင်းပေးနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းကနေ အလွတ်နဲ့ ပြောင်းရွှေ့လာတဲ့ အသက် ၂၈ နှစ်အရွယ် ရမ်ဆေးကတော့ ဂျူဗင်တပ် အတွက် ပထမဆုံးဂိုးကို စတင်သွင်းယူနိုင်ခဲ့ပါပြီ။



မနေ့ညက ဗီရိုနာနဲ့ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ကစားဖော် ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုကတဆင့် ပွဲကစားချိန် ၃၁ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

ရမ်ဆေးအနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ပွဲချိန်ပြည့် ကစားနိုင်ခဲ့ခြင်း မရှိပဲ ၆၁ မိနစ်အရောက်မှာတော့ ခီဒီယာနဲ့လူစားလဲခြင်း ခံခဲ့ရပါတယ်။

ရမ်ဆေးအနေနဲ့ အာဆင်နယ်အသင်းမှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့လာခဲ့ သူ ဖြစ်ပြီး ဂျူဗင်တပ်အသင်းမှာတော့ အာဆင်နယ်အသင်းမှာ ကစားစဉ် ကစားဖော်ဟောင်း ဂိုးသမား ဆက်ဇနီ နဲ့ ပြန်လည် လက်တွဲခွင့်ရနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ယခင်က ပရီးမီးယားလိဂ်မှာအနီးကပ် ပြိုင်ဖက်အဖြစ် ရင်ဆိုင်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက် ကစား သမားဟောင်း ရော်နယ်ဒိုကိုလည်း ဂျူဗင်တပ်အသင်းမှာ အသင်းဖော်အဖြစ် တဖန် ပြန်လည် လက်တွဲနေရပြီး ဒီကနေ့ ဗီရိုနာကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း ရော်နယ်ဒိုရဲ့ ဖန်တီးပေးပို့မှုကတဆင့် သွင်းယူသွားခဲ့တာပါ။



ဒီလို ဂိုးသွင်းယူနိုင်ခဲ့တာကတော့ ရမ်ဆေးအနေနဲ့ ဝေးလ်လက်ရွေးစင် ကစားသမားအဖြစ် နှစ်ပေါင်း ၃၁ နှစ်အကြာမှ ဂျူဗင်တပ်အတွက် ဂိုးပြန်သွင်းပေးနိုင်သူလည်းဖြစ်လာခဲ့ပါတယ်။

ထူးခြားတဲ့ တိုက်ဆိုင်မှုကတော့ ၃၁ နှစ်အကြာမှ ပြန်သွင်းယူပေးနိုင်တဲ့သွင်းဂိုးကို ပွဲကစားချိန်ရဲ့ ၃၁ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းအတွက် ဝေးလ်ကစားအဖြစ် နောက်ဆုံး ဂိုးသွင်းပေးဖူးသူကတော့ ၁၉၈၈ ခုနှစ်က အီယန်ရက်ရှ် ဖြစ်ပြီးအဲ့ဒီနောက် ၃၁ နှစ်အတွင်း ဘယ်ဝေးလ်ကစားသမားမှ ဂျူဗင်တပ်အတွက် ဂိုးမသွင်းပေးဖူးတော့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းကတော့ စီးရီးအေပွဲ ၄ ပွဲ ကစားပြီးချိန် ရမှတ် ၁၀ မှတ်ရရှိထားပြီး အဆင့် ၁ က အင်တာမီလန် အသင်းထက် ၂ မှတ်လျော့နေပါတယ်။


Author


က္က