ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ ဂျီရိုနာအသင်းတို့ရဲ့ပွဲစဉ်မှာ ဂျီရိုနာအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ပထမပိုင်းမှာ ကက်စမဲရိုးရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၂ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ပထမပိုင်းစတင်ချိန်ကတည်းက ရီးရဲမက်ဒရစ်အသင်းဟာ ဂျီရိုနာအသင်းဘက်ကို တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ၂၅ မိနစ်မှာ တိုနီခရူးစ်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ကက်စမဲရိုးက ရီးရဲမက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ ဂျီရိုနာအသင်းက လူစားလဲလှယ်မှု ၂ ဦးပြုလုပ်ခဲ့ပြီးနောက် ရီးရဲမက်ဒရစ်အသင်းကို ချေပဂိုး သွင်းယူနိုင်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းကလည်း ခြေစွမ်းမပြနိုင်တဲ့ လူးကပ်စ်ဗက်စ်ကွက်ကို ထုတ်ပြီး ဗင်နစ်ရှပ်ဂျူနီယာကို ထည့်သွင်းကစားစေခဲ့ပါတယ်။
၆၅ မိနစ်မှာ ဆာဂျီယိုရာမို့စ် ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့တဲ့အတွက် ဂျီရိုနာအသင်း ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ပင်နယ်တီကို စတူအာနီက အမှားအယွင်းမရှိကန်သွင်းယူပြီး ဂျီရိုနာအသင်းက ချေပဂိုး ရရှိသွားခဲ့ပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ နောက်ထပ်ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ဖို့အတွက် ဂါရတ်ဘေးလ်၊ မာရီယာနိုဒိုင်ယက်ဇ်တို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်တင်ခဲ့ပေမယ့် ၇၅ မိနစ်မှာ ခရစ်စတီယန်ပေါ်တူက ဂျီရိုနာအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။
ဒုတိယပိုင်းပွဲကစားချိန်ပြည့်မြောက်တဲ့ မိနစ် ၉၀ မှာ ဆာဂျီယိုရာမို့စ်ကို အယ်လ်ကာလာကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ဒုတိယအဝါကတ်ကတ်ပြားပြသပြီး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ပွဲပြီးဆုံးချိန်အထိ ချေပဂိုး ထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ယခုရာသီ ၇ ပွဲမြောက် အိမ်ကွင်းရှုံးပွဲကို တွေ့ကြုံခဲ့ရပြီဖြစ်ပါတယ်။