နာပိုလီအသင်းဥက္ကဌ အော်ရယ်လီယိုဒီ လော်ရန်းတစ်က ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် ရီးရဲမက်ဒရစ်ရဲ့ တောင်းဆိုမှုဟာ လက်တွေ့မဆန်ဘဲ လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့တယ်လို့ Sportskeeda ရဲ့သတင်းက ဖော်ပြပါတယ်။
ဂျိမ်းရိုဒရီဂွက်ဇ်ဟာ လက်ရှိအချိန်မှာ ရီးရဲမက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီစလုံး ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ယူရို ၄၂ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိပေမယ့် ယင်းအချက်ကို အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
နာပိုလီအသင်းဟာ ကိုလံဘီယာလက်ရွေးစင်ကြယ်ပွင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ပေါ်ထွက်လာတာဖြစ်ပြီး အငှားနဲ့သာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ တစ်ဖက်မှာလည်း ရီးရဲမက်ဒရစ်အသင်းက ယခုနွေရာသီမှာ လူကာဂျိုဗစ်၊ ဟာဇက်နဲ့ အခြားကစားသမားတွေအတွက် သုံးစွဲရတဲ့ငွေကြေးကို ပြန်လည်ရှာဖွေလိုနေတာကြောင့် ယူရို ၄၂ သန်းနဲ့ အပြီးသတ်ရောင်းချလိုနေတယ်လို့ သိရပါတယ်။
နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်က ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ချီးကျူးစကားပြောကြားခဲ့ပြီး ခရစ်စတီယာနိုရော်နယ်ဒိုုနဲ့ မက်ဆီတို့ပြီးရင် အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီးရဲမက်ဒရစ်အသင်းရဲ့ ကစားသမားအတွက် တန်ဖိုးသတ်မှတ်ထားမှုဟာ အလွန်မြင့်မားနေကြောင်း ဒီလော်ရန်းတစ်က ပြောကြားခဲ့ပါတယ်။
“ဂျိမ်းစ်က ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ မက်ဆီပြီးနောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလို့ ယူဆနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ အန်ဆယ်လော့တီက သူ့ကို အရမ်းနှစ်သက်ပါတယ်။ ဂျိမ်းစ်ကလည်း နာပိုလီကို ပြောင်းရွှေ့လိုနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရီးရဲမက်ဒရစ်ဆီကနေ ပိုပြီးကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုကို စောင့်ဆိုင်းနေပါတယ်။ ကျွန်တော်တို့ အမြင်အရ သူတို့ရဲ့တောင်းဆိုမှုက မြင့်မားနေပါတယ်”လို့ Corriere dello Sport ကို ပြောကြားခဲ့ပါတယ်။