အကြိတ်အနယ်ရှိခဲ့တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တာပါ။
Pyae Phyo Thein

အက်သလက်တီကိုမက်ဒရစ်က ဂျီရိုနာကို ဂိုဒင်၊ ဂရစ်မန်းဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲရသွားခဲ့လို့ ဘာစီလိုနာနဲ့ (၈)မှတ်ကွာ အနေအထားကို ပြန်ရောက်သွားခဲ့ပါပြီ။ လက်ကျန်ပွဲစဉ် (၈)ပွဲကျန်ရှိနေတာဖြစ်ပြီး အက်သလက်တီကိုအတွက် လာလီဂါဖလားမျှော်လင့်ချက်တွေက ပြန်လည်တောက်ပခဲ့ပါတယ်။

လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တဲ့ ဘာစီလိုနာအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ပွဲမှာတော့ သရေတစ်မှတ်ရဖို့ ရုန်းကန်သွားခဲ့ရပြီး ပွဲချိန်နောက်ဆုံးမိနစ်တွေမှာ ရရှိခဲ့တဲ့ သွင်းဂိုး (၂)ဂိုးကြောင့် ကံကောင်းထောက်မစွာနဲ့ သရေတစ်မှတ်ကို ရယူနိုင်ခဲ့



ပါတယ်။ ဘာစီလိုနာကိုတော့ မက်ဆီ နဲ့ ဆွာရက်ဇ်တို့ကပဲ ကယ်တင်ခဲ့ရတာ ဖြစ်ပါတယ်။တန်းဆင်းဇုန်အထက်မှာ (၁)မှတ်အကွာနဲ့သာ ရပ်တည်နေခဲ့တဲ့ ဗီလာရီးရဲလ်ဟာ အိမ်ကွင်းမှာ ဘာစီလိုနာကို အနိုင်ရဖို့ အကောင်းဆုံးကစားသွားခဲ့ပြီး အနိုင် (၃)မှတ်ရယူနိုင်ဖို့ အနီးစပ်ဆုံးအနေအထားထိ ဖြစ်ခဲ့ပေမယ့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီးနောက်မှာ ဂိုးတွေပြန်လည် ခွင့်ပြုခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပွဲကစားချိန် (၁၂)မိနစ်မှာ ကော်တင်ဟို၊ (၁၆)မိနစ်တို့မှာ မယ်လ်ကွန်တို့က ဘာစီလိုနာအတွက် ဦးဆောင်ဂိုး (၂)ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဘာစီလိုနာမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ကစားသမားနှစ်ဦးက ပွဲထွက်ခွင့်ရတဲ့အချိန်မှာ သွင်းဂိုးတွေ အသီးသီးသွင်းယူနိုင်ခဲ့တာာဖြစ်ပါတယ်။ ဒါပေမယ့်လည်း (၂၃)မိနစ်မှာ ချူကွီဇီက ဗီလာရီးရဲလ်အတွက် ချေပဂိုးတစ်ဂိုးပြန်လည်သွင်းပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဗီလာရီးရဲလ်တို့ ကစားပုံပိုကောင်းခဲ့ပြီး အီကမ်ဘီ၊ အိုင်ဘော်ရာ၊ ဘက်ကာတို့က ဂိုးတွေဆက်တိုက်သွင်းယူပေးခဲ့ပါတယ်။ (၄-၂)နဲ့ အနိုင်ရနေခဲ့ပြီး ပွဲချိန် (၈၆)မိနစ်မှာ နောက်ခံလူ အယ်ဗာရိုဂွန်ဇာလက်ဖ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဗီလာရီးရဲလ်အတွက် ကံဆိုးမှုတွေက စတင်သွားခဲ့ပါတယ်။

မိနစ် (၉၀)မှာတော့ မက်ဆီက ချေပဂိုးတစ်ဂိုး သွင်းပေးခဲ့ပါတယ်။ ဒုတိယပိုင်း (၆၁)မိနစ်မှာ မက်ဆီက လူစားဝင်လာခဲ့တာဖြစ်ပြီး အသင်းအတွက်အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကို ရယူပေးခဲ့ပါတယ်။ နောက်ထပ်ချေပဂိုးရဖို့ အားထည့်ကစားလာခဲ့တဲ့ ဘာစီလိုနာကို ဗီလာရီးရဲလ်အသင်း မထိန်းချုပ်နိုင်ခဲ့ပဲ ဆွာရက်ဇ်က နာကျင်အချိန်ပိုမှာ ချေပဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဗီလာရီးရဲလ်ကတော့ လက်ကျန်ပွဲချိန် (၄)မိနစ်ခန့်မှာ (၂)ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပေမယ့်လည်း ဂိုးတွေပြန်ပေးရခဲ့ပြီး အဖိုးတန်ရမှတ် (၂)မှတ် နစ်နာခဲ့ရပါတယ်။

အက်သလက်တီကိုမက်ဒရစ်က ဂျီရိုနာကို ဂိုဒင်၊ ဂရစ်မန်းဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲရသွားခဲ့လို့ ဘာစီလိုနာနဲ့ (၈)မှတ်ကွာ အနေအထားကို ပြန်ရောက်သွားခဲ့ပါပြီ။ လက်ကျန်ပွဲစဉ် (၈)ပွဲကျန်ရှိနေတာဖြစ်ပြီး အက်သလက်တီကိုအတွက် လာလီဂါဖလားမျှော်လင့်ချက်တွေက ပြန်လည်တောက်ပခဲ့ပါတယ်။ ဘာစီလိုနာရဲ့ အမှားတွေကို အခွင့်အရေးယူနိုင်ခဲ့မယ်ဆိုရင် လာလီဂါဖလားလုပွဲကလည်း နောက်ဆုံးအချိန်ထိ အကြိတ်အနယ်ရှိလာဖွယ်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က