ဂွန်ကာလိုဂွဲဒက်စ်ရဲ့အပြင်းကန်သွင်းမှုကို မကာကွယ်နိုင်ခဲ့တာပါ။

နယ်သာလန်လက်ရွေးစင်ဂိုးသမား ဂျက်စ်ပါစီလက်ဆင်ဟာ တနင်္ဂနွေနေ့ညက ပေါ်တူဂီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ နေးရှင်းလိဂ်ဗိုလ်လုပွဲစဉ်က ပေါ်တူဂီအသင်းရရှိသွားတဲ့သွင်းဂိုးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို စိတ်ပျက်နေပြီဖြစ်ကြောင်းနဲ့ ဂိုးခွင့်ပြုခဲ့ရတဲ့အနေအထားနဲ့ပတ်သက်ပြီး Fox Sports ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂျက်စ်ပါစီလက်ဆင်ဟာ ပေါ်တူဂီကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွက် ခေါင်းစဉ်တပ်ဝေဖန်ထိုးနှက်နေမှုတွေကို ခံခဲ့ရပြီးနောက် ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်ပေါ်တူဂီကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က စီလက်ဆင်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံနေရတာဖြစ်ပါတယ်။

စီလက်ဆင်ဟာ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့် ဂွန်ကာလိုဂွဲဒက်စ်ရဲ့ ပင်နယ်တီဧရိယာထိပ်ကနေ အပြင်းကန်သွင်းချက်ကို ပုတ်ထုတ်ကာကွယ်ခဲ့ပေမယ့် ထိထိမိမိ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပိုက်ထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

စီလက်ဆင်က ဂွဲဒက်စ်ရဲ့ ဂိုးကန်သွင်းမှုဟာ မျက်ကွယ်ဖြစ်နေခဲ့တာကြောင့် နောက်ကျမှ မြင်တွေ့ခဲ့ရပြီး မကာကွယ်နိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဘောလုံးကို အရမ်းနောက်ကျနေတဲ့အချိန်မှ မြင်လိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ ဒန်ဇယ်ဒန်ဖရီနဲ့ ဒါလေဘလင်းတို့ ရပ်နေခဲ့ကြလို့ပါ။ ဂွဲဒက်စ်ရဲ့ ကန်သွင်းချက်ကလည်း တော်တော်လေးပြင်းပါတယ်”လို့ Fox Sports ကို ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ဥရောပနေးရှင်းလိဂ်ဖလားကို အငြင်းပွားဖွယ်မရှိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပေမယ့် နယ်သာလန်အသင်းကတော့ ပိုမိုကောင်းမွန်တဲ့ယှဉ်ပြိုင်မှုမျိုး မပြုလုပ်နိုင်ခဲ့တာကြောင့် စိတ်ပျက်နေတာဖြစ်ပါတယ်။

“နယ်သာလန်မှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က အရမ်းလွယ်လွယ်ကူကူ ဝေဖန်ပြစ်တင်ခံနေရပါတယ်။ ကျွန်တော် အချို့မက်ဆေ့ဂျ်တွေတောင် ရရှိထားပြီးပါပြီ။ ဒတ်ချ်မီဒီယာတွေက အဲဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီးရေးသားနေကြပါတယ်။ ကျွန်တော် တော်တော်လေး စိတ်ပင်ပန်းနေပါပြီ”

“ကျွန်တော် ဘောလုံးကို နောက်ကျပြီးမှ မြင်တယ်။ သူကလည်း တော်တော်ပြင်းပြင်းကန်လိုက်တယ်။ ကျွန်တော် အခု မြင်တဲ့တစ်ခုတည်းသောအရာက အဲဒါပဲ။ ဘယ်လိုနည်းနဲ့မဆိုဖြစ်ပါစေ ကျွန်တော်တို့အားလုံး နယ်သာလန်မှာ တစ်စုံတယောက်ကို အမြဲတမ်း လွယ်လွယ်နဲ့ ဝေဖန်ပြစ်တင်နေကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။



က္က