ဥရုဂွေးအနေနဲ့ သရေရလဒ်သာ ယူနိုင်ခဲ့လို့ နှစ်ပွဲကစားအပြီးမှာ ရမှတ် (၄)မှတ်သာ ပိုင်ဆိုင်ခဲ့ရပြီး ဂျပန်ကတော့ အဖိုးတန်ရမှတ်တစ်မှတ်ကို ရယူသွားခဲ့ပါတယ်။
ဂျပန်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျအပြီးမှာ ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်က ခါးသီးတဲ့ခံစားချက်မျိုး ဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆွာရက်ဇ်က အသင်းအတွက် ပယ်နယ်တီကတဆင့် သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး ပွဲချိန်အတွင်းမှာလည်း သေချာပေါက်ဂိုးရနိုင်တဲ့ ဂိုးသွင်းမှုတွေပြုလုပ်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့ရသလို လွဲချော်မှုတွေလည်း ဖြစ်ခဲ့ရပါတယ်။
ဂျပန်က ဥရုဂွေးကို အကောင်းဆုံးကစားသွားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးတွေ ရယူနိုင်ခဲ့ပြီး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဥရုဂွေးအနေနဲ့ သရေရလဒ်သာ ယူနိုင်ခဲ့လို့ နှစ်ပွဲကစားအပြီးမှာ ရမှတ် (၄)မှတ်သာ ပိုင်ဆိုင်ခဲ့ရပြီး ဂျပန်ကတော့ အဖိုးတန်ရမှတ်တစ်မှတ်ကို ရယူသွားခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာ ကာဗာနီရဲ့ ဘယ်ခြေနဲ့အပြင်းကန်သွင်းချက်လည်း တိုင်ထိထွက်ခဲ့သလို ဆွာရက်ဇ်ရဲ့ ကွင်းလယ်က ကန်သွင်းချက်ကလည်း ဂိုးဘားတန်းပေါ် အနည်းငယ်ကျော်ခဲ့ရပါတယ်။
"ကျွန်တော်တို့ အမှားတွေကျူးလွန်မိခဲ့သလို ကျေနပ်စရာပုံစံအချို့ကိုလည်း ပြသနိုင်ခဲ့ပါတယ်၊ ဂိုးရနိုင်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးနိုင်ခဲ့ပါတယ်၊ ဒီအတွက် ပွဲအပြီးရလဒ်က ကျွန်တော်တို့အတွက်တော့ ခါးသီးခဲ့ရပါတယ်၊ ပွဲကောင်းတစ်ပွဲကို ကျွန်တော်တို့ ကစားနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အမှားအယွင်းနှစ်ကြိမ်ကနေ နှစ်ဂိုးပေးခဲ့ရလို့ ပိုပြီးဂရုစိုက်သင့်လာပါပြီ"
"ချီလီနဲ့ပွဲမှာ ဂျပန်က သူတို့ရဲ့ စစ်မှန်တဲ့ပုံစံကို မပြသနိုင်ခဲ့ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်၊ သူတို့က အရမ်းလျှင်မြန်တယ်၊ အရည်အချင်းပြည့်ဝပြီးတော့ ကျွန်တော်တို့ကို ဖိအားပေးနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်အောင် သူတို့တွေ ဖန်တီးနိုင်ခဲ့ပါတယ်၊ " လို့ ဆွာရက်ဇ်က ပွဲအပြီးမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေဆိုသွားခဲ့ပါတယ်။
ဥရုဂွေးဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် လက်ရှိချန်ပီယံချီလီနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ ချီလီက အီကွေဒေါနဲ့ ကစားဖို့ ရှိနေသေးပြီး အနိုင်ယူနိုင်ခဲ့ပါက ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဥရုဂွေးကတော့ ချီလီနဲ့ပွဲမှာ သရေတစ်မှတ်ရရုံနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး ဂျပန်ကတော့ အီကွေဒေါကို အနိုင်ကစားနိုင်ပါက အကောင်းဆုံးအုပ်စုတတိယအဖြစ်နဲ့ နောက်တဆင့်ကိုတက်ရောက်နိုင်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။