ဂရစ်ဇ်မန်းရဲ့နာမည်က အသင်းရဲ့အစီအစဉ်မှာ မပါဘူးလို့ ပြောခဲ့တာပါ။
Kg Htet

ဘာစီလိုနာအသင်းဥက္ကဌ ဂျိုးဆက်ပ်ဘာတိုမြူက ဘာစီလိုနာအသင်းက ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေတဲ့ အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့်တိုက်စစ်မှူး ဂရစ်ဇ်မန်းနဲ့ အေဂျက်အသင်းခေါင်းဆောင် ဒီလစ်တို့နဲ့ပတ်သက်တဲ့ သတင်းတွေကို ဆွေးနွေးပြောဆိုခဲ့ပါတယ်။

ဘာတိုမြူက အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းရဲ့အစီအစဉ်ထဲမှာ မပါဝင်ကြောင်း ပြောကြားခဲ့ပြီး အေဂျက်အသင်းခေါင်းဆောင် ဒီလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းတွေကိုတော့ ဖြေဆိုဖို့ ငြင်းပယ်သွားခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ၎င်းရဲ့အနာဂတ်ဟာ အက်သလက်တီကိုမှာဖြစ်ကြောင်း ကတိမပြုမီမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေအခိုင်အမာ ထွက်ပေါ်နေခဲ့သူဖြစ်ပါတယ်။

လာလီဂါချန်ပီယံဘာစီလိုနာအသင်းဟာ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေခြင်းမရှိကြောင်း ဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမြူက TVE နဲ့ တွေ့ဆုံရာမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

“ဂရစ်ဇ်မန်းက အက်သလက်တီကိုမက်ဒရစ်ကစားသမားပါ။ သူ့မှာ အသင်းနဲ့ စာချုပ် ရှိပါတယ်”

“စပိန်မှာ သူ့လိုမျိုး ကောင်းမွန်တဲ့ကစားသမားတွေရှိတာ ကျွန်တော် နှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ သူက လာလီဂါကို တန်ဖိုးမြင့်တက်အောင် လုပ်ပေးနေလို့ပါ။ ဥပမာပြောရရင် စပွန်ဆာရရှိဖို့ပေါ့”

“တကယ်လို့ ဂရစ်ဇ်မန်းသာ နူးကမ့်ကို လာချင်ခဲ့မယ်ဆိုရင် သူ နည်းပြတွေနဲ့ စကားပြောရပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့နာမည်က ကျွန်တော်တို့ဆီမှာ စာရင်းမရှိပါဘူး”

“ဒီလစ်ကို ခေါ်ယူဖို့က အခုနွေရာသီမှာ ကျွန်တော်တို့ လုပ်ချင်နေတဲ့အရာပါ။ ဒါပေမယ့် အဲဒီကိစ္စက ဖိအားတွေအများကြီးရှိနေပါတယ်။ အခြားအသင်းတွေကလည်း သူ့ကိုလိုချင်နေကြပြီး အဲဒါကို ကျွန်တော်တို့ ကျော်ဖြတ်နိုင်မှာပါ”

“အေဂျက်အသင်းနဲ့ကလည်း အရမ်းကောင်းတဲ့ဆက်ဆံရေးရှိနေပြီး ဒီလစ်နဲ့ကတော့ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ သူ ဈေးကွက်ထဲမှာ ရှိနေမယ့်ပုံရပြီး ကျွန်တော်တို့ နည်းပြတွေနဲ့ စကားပြောတဲ့အခါမှာ ကျွန်တော်တို့ သူ့ကို ခေါ်လို့ရ၊ မရဆိုတာ တွေ့ရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က