ဒိုင်ဘာလာကို အသင်းမှာဆက်ရှိနေမယ်ဆိုရင် တချိန်မှာ ဂျူဗင်တပ်အသင်းရဲ့ မက်ဆီ ဖြစ်လာဖို့ မျှော်လင့် ကြောင်း အားကစားအမှုဆောင်အရာရှိချုပ် ဖေဘီယိုပါရာတီစီက ပြောလာတာပါ။

ဂျူဗင်တပ်အသင်းရဲ့ အားကစားအမှုဆောင်အရာရှိချုပ် ဖေဘီယိုပါရာတီစီက ဒိုင်ဘာလာအနေနဲ့ တူရင်မှာ ဆက်ရှိနေမယ်ဆိုရင် တစ်ချိန်မှာ ဂျူဗင်တပ်ရဲ့ မက်ဆီ ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြု ပြောလာတဲ့အကြောင်း Goal.com သတင်းဌာနက ဖော်ပြလာပါတယ်။
ဒိုင်ဘာလာကတော့ ဂျူဗင်တပ်အသင်းရဲ့ အောင်မြင်ခဲ့တဲ့ ကာလတွေမှာ အဓိကကျတဲ့ ကစားသမားအဖြစ် ပါဝင် လာသူ ဖြစ်သလို ၂၀၁၅ ကစတင်ပြီး နှစ်တိုင်း လိဂ် ချန်ပီယံ ဖြစ်ဖို့ ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဒီခြေစွမ်းတွေကြောင့်လည်း ၃နှစ်ဆက် စီးရီးအေ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရသလို ပြိုင်ပွဲစုံမှာလည်း အသင်းအတွက် ဂိုး၁၀၀ ပြည့်မြောက်ထားပြီ ဖြစ်ပါတယ်။
“ အသင်းရဲ့ နံပါတ် ၁၀ ဂျာစီဝတ်ဆင်ထားတဲ့ ဒိုင်ဘာလာနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်ရပါတယ်။သူ့အပေါ် ကြီးမားတဲ့ ရင်းနှီးမှု လုပ်ထားသလို တစ်ချိန်မှာ ဂျူဗင်တပ်ရဲ့ မက်ဆီဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။”လို့ ဖေဘီယိုက Rio Sport သတင်းဌာနကို ပြောခဲ့တာပါ။

ဒိုင်ဘာလာကတော့ဒီနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ၅ ဂိုးသွင်း ၈ ဂိုး ဖန်တီးပေးထားနိုင်ပါပြီ။
တဆက်တည်းမှာပဲ ဖေဘီယိုက အသင်းရဲ့ ယူနိုက်တက်နဲ့ရီးရဲ ကစားသမားဟောင်း ရော်နယ်ဒို အသင်းက ထွက်ခွာမယ့် အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ ဖြစ်လာစရာ မရှိဘူးလို့ အတည်ပြုခဲ့ပါသေးတယ်။
နည်းပြ ဆာရီရဲ့ ဂျူဗင်တပ်အသင်းကတော့ လက်ရှိ စီးရီးအေမှာ အနီးကပ်ဆုံး ပြိုင်ဖက် အင်တာနဲ့ ရင်ဆိုင်နေရပြီး ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို ရောက်ရှိထားပါပြီ။