ရီးရဲမက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ချယ်ဆီးအသင်းရဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲ ပြီးဆုံးတဲ့အချိန်အထိ ဟာဇက်ကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်းကို ကြေညာချက်ထုတ်ရန် စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်။
ဘယ်လ်ဂျီယံကြယ်ပွင့် ဟာဇက်ဟာ ချယ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့သူဖြစ်ပြီး တနင်္ဂနွေနေ့က ၎င်းရဲ့ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတည်းက အသင်းကို အသိပေးထားခဲ့ပြီးဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အီဒင်ဟာဇက်က ၎င်းရဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လိုဆုံးဖြတ်ချက်လဲဆိုတာကိုတော့ မပြောပြခဲ့ဘဲ ၎င်းရဲ့အိပ်မက်ဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ပြီး နည်းပြဇီဒန်းအောက်မှာ ကစားလိုကြောင်း ပြောကြားခဲ့တယ်လို့ ယုံကြည်ရပါတယ်။
ဇီဒန်းဟာ လာမယ့်ရာသီကြိုပွဲစဉ်တွေအတွက် ဟာဇက်ကို အလိုရှိနေပြီး ရီးရဲမက်ဒရစ်အသင်းဟာ အပြောင်းအရွှေ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းကို တတ်နိုင်သမျှ မြန်မြန်ကြေညာချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်နဲ့ ဘာကူမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။
L’Equipe ရဲ့သတင်းအရ ရီးရဲမက်ဒရစ်အသင်းဟာ ဟာဇက်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းကို ချယ်ဆီးရဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးအထိ ကြေညာဖို့ စောင့်ဆိုင်းပေးသွားမယ်လိုု့ သိရပြီး ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၁၀၀ ဖြစ်တယ်လို့ သိရပါတယ်။