စပိန်ကလပ်က ခေါ်ယူဖို့စောင့်ကြည့်နေချိန်မှာ ခြေစွမ်းပြခဲ့တာပါ။
Pyae Phyo Thein

နယ်သာလန်နည်းပြဟောင်းရော်နယ်ကိုးမန်းက ဘာစီလိုနာနည်းပြသစ်ဖြစ်လာချိန်မှာ ဒီပိုင်းကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာဖြစ်ပါတယ်။


ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကိုရရှိနေတဲ့ လိုင်ယွန်တိုက်စစ်ကစားသမားဒီပိုင်းဟာ မနေ့က ကစားခဲ့တဲ့ လီဂူးပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းယူသွားခဲ့ပါတယ်။ ဒီဂျွန်ကို ၄-၁ နဲ့ လိုင်ယွန်က အနိုင်ရရှိခဲ့ရာမှာ သွင်းယူခဲ့တာဖြစ်ပြီး ရာသီအစမှာပဲ ဒီပိုင်းက ခြေစွမ်းပြခဲ့ပြီး ဘာစီလိုနာဆီက စိတ်ဝင်စားမှုတွေကို ပိုမိုမြှင့်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပယ်နယ်တီသွင်းဂိုး ၂ဂိုးအထိ ပါဝင်ခဲ့ပေမယ့်လည်း ဒီပိုင်းက အသင်းတိုက်စစ်ပိုင်းမှာ အရေးပါတဲ့ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ လိုင်ယွန်နဲ့အတူ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ ဒီပိုင်းဟာ အသင်းခေါင်းဆောင်အဖြစ်နဲ့လည်း တာဝန်ယူနေသူဖြစ်ပြီး ပွဲအပြီးမှာတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

နယ်သာလန်နည်းပြဟောင်းရော်နယ်ကိုးမန်းက ဘာစီလိုနာနည်းပြသစ်ဖြစ်လာချိန်မှာ ဒီပိုင်းကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ပိုမိုကောင်းမွန်တဲ့ ထိပ်တန်းအသင်းတစ်သင်းမှာကစားချင်နေပြီး လိုင်ယွန်နဲ့သူ့ရဲ့အနာဂတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို မသိဘူးလို့ ပွဲအပြီးမှာပြောဆိုခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

"လိုင်ယွန်မှာ တစ်ရာသီလုံးအထိ ရှိနေမှာလားဆိုတာ ကျွန်တော်မသိပါဘူး၊ အနာဂတ်ကိုလည်း ကျွန်တော်ကြိုတင်မသိပါဘူး၊ လိုင်ယွန်မှာ လေးရာသီကြာကစားခဲ့ပြီး ကျွန်တော်အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်၊ ကျွန်တော့်ရဲ့ကစားသမားဘဝကို ကြည့်မယ်ဆိုရင် အခု ချန်ပီယံလိဂ်ကစားရဖို့မရှိပါဘူး၊ လက်ရှိမှာ ဘာဖြစ်မလဲဆိုတာကိုလည်း ကျွန်တော်မသိဘူး" လို့ ဒီပိုင်းက ပြောဆိုသွားခဲ့ပြီး အသင်းပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ 


Author


က္က