ဆီဗီလာကို (၃)ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက်မှာ ရီးရဲလ်အတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုက ရှိလာခဲ့ပါတယ်။ ဘယ်အစွန်နောက်ခံလူ မာဆယ်လိုဟာ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိသွားပြီး လာမယ့်အပတ်မှာ ကစားရမယ့် အက်သလက်တီကိုနဲ့ ဒါဘီပွဲ နဲ့ CSKA နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
ပွဲချိန် (၇၂)မိနစ်မှာ မာဆယ်လိုဟာ ကွင်းထဲမှာ ထော့နင့်ထော့နင်းနဲ့ ဖြစ်နေခဲ့ပြီး ဆေးအဖွဲ့ကိုလည်း ခေါ်ယူခဲ့ခြင်း မရှိပါဘူး။ မာဆယ်လိုဟာ ပွဲကို ဆက်မကစားနိုင်တော့တဲ့နောက် ကွင်းထဲက ထွက်ခဲ့ပြီး ရီးရဲလ်ဟာလည်း (၁၀)ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ အဲဒီအချိန်မှာ လူစားလဲလှယ်မှု (၃)ကြိမ် ပြည့်မြောက်ပြီးသား ဖြစ်ခဲ့တာပါ။
"သူ ကြွက်သားပြဿနာရှိနေပုံပါပဲ၊ မနက်ဖြန် ဆေးစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့အထိ စောင့်ကြည့်ရမှာပါ" လို့ ပွဲအပြီးမှာ ရီးရဲလ်နည်းပြ လော့ပ်တယ်ဂီက ပြောခဲ့ပါတယ်။ မာဆယ်လိုကတော့ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့တာဖြစ်တယ်လို့ အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ မာဆယ်လိုရဲ့ ဒဏ်ရာအနေအထားက မက်ဒရစ်ဒါဘီပွဲကို ဝင်ကစားနိုင်ချေရှိမရှိ မသေချာသေးပဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
အသင်းရဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ အစ္စကိုကိုလည်း ကာလအတန်ကြာ လက်လွှတ်ထားရမယ့် ရီးရဲလ်အတွက် ဒဏ်ရာရကစားသမား တိုးပွားလာတာက စိတ်ပျက်စရာပါပဲ။ ဒါ့အပြင် ဂိုးပြတ်ရှုံးပွဲကနေ ပြန်လည်ရုန်းထပြရမယ့်အချိန်မှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က မြို့ခံပြိုင်ဘက် အသင်း ဖြစ်နေပြီး အဓိကကစားသမားတွေ မပါဝင်နိုင်ဖို့ ရှိတာက ပိုပြီး ဖိအားများလာစေခဲ့ပါတယ်။
လော့ပ်တယ်ဂီအတွက်တော့ အခက်အခဲတွေ ကြုံတွေ့ရမယ့်အချိန်ကို ရောက်ရှိလာခဲ့တာပါ။ မာဆယ်လိုရဲ့ နေရာမှာ အစားထိုးဖို့ နာချိုဖာနန်ဒက်ဇ်ရှိနေပေမယ့် အသင်းရဲ့ ဝါရင့်ကစားသမားကို ဆုံးရှုံးရမှာက ပိုပြီးနစ်နာစေမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မာဆယ်လိုရဲ့ ဒဏ်ရာအခြေအနေကို သေချာမသိရသေးပေမယ့် အက်သလက်နဲ့ပွဲကို လွဲချော်ရမှာက စိုးရိမ်စရာ ဖြစ်နေပါပြီ။