အီတလီထိပ်သီးအသင်းကြီးဖြစ်တဲ့ အေစီမီလန်အသင်းဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမား ဆီဘယ်လို့စ်ကို ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း Calciomercato ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဆီဘယ်လို့စ်ဟာ စပိန်ယူ-၂၁ အသင်းမှာ ၎င်းရဲ့ပါရမီအစစ်အမှန်ကို ပြသခဲ့ပြီး စပိန်ယူ-၂၁ အသင်းကို ဥရောပချန်ပီယံရှစ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆီဘယ်လို့စ်ဟာ ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းလက်အောက်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ပထမအသင်း ပွဲထွက်ကစားသမားအဖြစ် ကစားချင်တာကြောင့် အသင်းကနေ ထွက်ခွာလိုနေသူဖြစ်ပါတယ်။
အေစီမီလန်အသင်းဟာ ယခုနွေရာသီမှာ ထိုက်သင့်တဲ့ငွေကြေးပမာဏသုံးစွဲပြီး ကစားသမားခေါ်ယူဖို့ အဆင်သင့်ရှိနေတာကြောင့် လာမယ့်ရာသီ မတိုင်မီမှာ ဆီဘယ်လို့စ်ကို အရခေါ်ယူသွားမယ်လို့ မျှော်မှန်းရပါတယ်။ ဒါနီဆီဘယ်လို့စ်ဟာ လာမယ့်ရာသီမှာ ပွဲ ၄၀ လောက်ကစားချင်ကြောင်း ပြောကြားခဲ့ပြီး ယခုနွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကနေ ထွက်ခွာလိုနေကြောင်းကို အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ရီးရဲမက်ဒရစ်အသင်းဟာ ဆီဘယ်လို့စ်ကို အငှားနဲ့သာ ထွက်ခွာခွင့်ပြုလိုနေပြီး အေစီမီလန်အသင်းအနေနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ ရီးရဲမက်ဒရစ်အသင်းကို စည်းရုံးနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းကလည်း ဆီဘယ်လို့စ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး အေစီမီလန်အသင်းအနေနဲ့ ဆီဘယ်လို့စ်ကို အမှန်တကယ်စိတ်ဝင်စားနေတာဆိုရင်တော့ အလျင်အမြန်ခေါ်ယူမှု ပြုလုပ်ဖို့ လိုအပ်နေပါတယ်။
ဆီဘယ်လို့စ်ဟာ ဒဏ်ရာရရှိခဲ့ခြင်းမရှိပေမယ့် ရီးရဲမက်ဒရစ်အသင်းအတွက် ၂ ရာသီပေါင်း ၂၈ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး နည်းပြဇီဒန်းရဲ့အဓိကကစားသမားစာရင်းထဲမှာ မပါဝင်ခဲ့သူဖြစ်ပါတယ်။