ချယ်ဆီးအသင်းမှာ အတူတွဲကစားခဲ့ကြသူတွေဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်ကြယ်ပွင့် အီဒင်ဟာဇက်ဟာ ချယ်ဆီးအသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို မပြောင်းရွှေ့မီမှာ အသင်းဖော်ဟောင်းဖြစ်တဲ့ ရီးရဲမက်ဒရစ်ဂိုးသမား ကော်တိုရစ်က ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်း Metro ရဲ့သတင်းအရ သိရပါတယ်။


ဘယ်လ်ဂျီယံလက်ရွေးစင်ကြယ်ပွင့် အီဒင်ဟာဇက်ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းက ကြာသပတေးနေ့ညမှာ အသင်းပရိသတ်တွေနဲ့ ဘာနေဗျူးကွင်းမှာ တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။



ဟာဇက်ဟာ ၂၀၁၂ ခုနှစ်မှာ လိုင်လီအသင်းကနေ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး စုစုပေါင်း ၃၅၃ ပွဲမှာ သွင်းဂိုး ၁၁၀ ဂိုးသွင်းယူပေးခဲ့ပြီးနောက် ရီးရဲမက်ဒရစ်အသင်းကို ထပ်ဆောင်းပေးချေမှုအပါအဝင် ပေါင်သန်း ၁၃၀ ဝန်းကျင်ခန့်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံကြယ်ပွင့် ဟာဇက်ဟာ ချယ်ဆီးအသင်းဖော်ဟောင်းလည်းဖြစ်၊ လက်ရွေးစင်အသင်းဖော်လည်းဖြစ်တဲ့ ကော်တိုရစ်နဲ့အတူ ပြန်လည်ဆုံစည်းခဲ့တာဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းကို မပြောင်းရွှေ့မီက ကော်တိုရစ် ပြောခဲ့တဲ့စကားကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ကော်တိုရစ်နဲ့ ရီးရဲမက်ဒရစ်အကြောင်းကို အများကြီးပြောခဲ့ပါတယ်။ သူ ကျွန်တော့်ကို ပြောခဲ့တာက အဲဒီကိုလာဖို့ အခွင့်အရေးသေးသေးလေးရှိရင်တောင်မှ အဲဒီအခွင့်အရေးကို ရယူဖို့ပါ။ ဘာလို့လဲဆိုတော့ ရီးရဲမက်ဒရစ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းဖြစ်နေလို့တဲ့”

“သူက သူငယ်ချင်းကောင်းဖြစ်ပြီး အဲဒါမှာလည်း သူရှိနေလို့ ကျွန်တော် ပျော်ရွှင်ပါတယ်။ ကျွန်တော်တို့အတူ ဆုဖလားတွေအများကြီးရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က