နေရာတစ်နေရာအတွက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုခဲ့တာပါ။
Pyae Phyo Thein

ပေါ့ဂ်ဘာအနေနဲ့ အသင်းကို ရောက်လာခဲ့မယ်ဆိုရင်တောင်မှ နေရာတစ်နေရာရဖို့ မလွယ်ကူပဲ ခရူးစ်နဲ့ ထိပ်တိုက်ယှဉ်ပြိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့တဲ့ ကွင်းလယ်လူ တိုနီခရူးစ်က လာမယ့်နွေရာသီမှာ အသင်းကို ပေါ့ဂ်ဘာရောက်ရှိလာမယ်ဆိုပါကလည်း သူ့အတွက် နေရာတစ်နေရာ ရရှိအောင် ကြိုးစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ အသင်းကို ရောက်လာခဲ့မယ်ဆိုရင်တောင်မှ နေရာတစ်နေရာရဖို့ မလွယ်ကူပဲ ခရူးစ်နဲ့ ထိပ်တိုက်ယှဉ်ပြိုင်ရတော့မှာလည်း ဖြစ်ပါတယ်။



Daily Mail ရဲ့ ဖော်ပြချက်အရ ပေါ့ဂ်ဘာကို ရီးရဲလ်မက်ဒရစ်က အလေးထားချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ခရူးစ်က သူ့အတွက်ကွင်းလယ်နေရာတစ်နေရာကို ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်နေပြီး အလျှော့ပေးသွားမှာမဟုတ်ပဲ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုပြီး ပေါ့ဂ်ဘာကို သတိပေးစကားဆိုခဲ့တာ ဖြစ်ပါတယ်။

"များပြားတဲ့ နာမည်တွေအကြောင်းကို ကျွန်တော်တို့ ပြောနိုင်ပါတယ်၊ ပေါ့ဂ်ဘာလိုကစားသမားမျိုးကို ကျွန်တော်သဘောကျပါတယ်၊ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး၊ ကျွန်တော် အသင်းအတွက် လုပ်ပေးနိုင်ခဲ့တာတွေကို ထပ်လုပ်ပေးနိုင်ဖို့အတွက် ကြိုးစားသွားမှာပါ၊ ကျွန်တော့်နေရာအတွက် တိုက်ပွဲဝင်သွားမှာလည်း ဖြစ်ပါတယ်"

"ကောင်းကောင်းကစားနိုင်မယ်၊ မြင့်မားတဲ့အဆင့်တစ်ခုမှာကစားပြမယ်ဆိုရင် ကျွန်တော့်အတွက်တော့ ဘယ်လိုပြသနာမျိုးမှ မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်" လို့ တိုနီခရူးစ်က ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီက ထွက်ခွာဖွယ်ရှိတဲ့ အရိပ်အမြွက်ပြောစကားကို ပြောဆိုခဲ့တဲ့ ဘတ်ပီနဲ့ ပတ်သက်ပြီးတော့လည်း ခရူးစ်က အခုလိုပြောခဲ့ပါတယ်။

"သူ့ကို ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် သဘောကျပါတယ်၊ ဒါပေမယ့် ဒီမေးခွန်းက ကျွန်တော့်အတွက်မဟုတ်ပါဘူး၊ သူ့ကို ကျွန်တော်မှ မဝယ်ယူနိုင်တာ၊ ကျွန်တော့်မှာ ကောင်းမွန်တဲ့ စာချုပ်တစ်ခုရှိနေပေမယ့် သူ့ကိုတော့ မဝယ်ယူပေးနိုင်ပါဘူး၊ ဒီမေးခွန်းက ကလပ်အသင်းကိုသာ မေးရမှာပါ၊ စာချုပ်သစ်ချုပ်ဆိုနိုင်တဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာမိပါတယ်" လို့ ခရူးစ်က ပြောသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က