အက်သလက်တီကိုဟာ ဒီယေဂိုကော်စတာရဲ့ သွင်းဂိုးလေးဂိုးအပါအဝင် ၇-၃ ဆိုတဲ့ ရလဒ်နဲ့ ရီးရဲလ်ကို ဂိုးပြတ်ချေမှုန်းခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို ကြီးမားတဲ့ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ အက်သလက်တီကို မက်ဒရစ်အသင်းအတွက် ခြေစွမ်းပြ ကစားပေးနိုင်ခဲ့တဲ့ လူငယ်ကစားသမား ဂျာအိုဖီးလစ်က ပြိုင်ဘက်အသင်းကို အနိုင်ရရှိခဲ့တဲ့အပေါ် ကျေနပ်နေခဲ့ပါတယ်။ အက်သလက်တီကိုဟာ ဒီယေဂိုကော်စတာရဲ့ သွင်းဂိုးလေးဂိုးအပါအဝင် ၇-၃ ဆိုတဲ့ ရလဒ်နဲ့ ရီးရဲလ်ကို ဂိုးပြတ်ချေမှုန်းခဲ့တာ ဖြစ်ပါတယ်။
ဂျာအိုဖီးလစ်လည်း ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းသစ်အတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၂)ကြိမ်အထိလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အန်တိုနီယိုဂရစ်မန်းရဲ့ နေရာအတွက် အစားထိုးဖို့ ဆီမြွန်နီက အားကိုးတကြီးနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားဟာ မြို့ခံပြိုင်ဘက်နဲ့ပွဲမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး သူ့ကို ခေါ်ယူခဲ့မှုက မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
" မြို့ခံပြိုင်ဘက်အသင်းကို အနိုင်ရတာ အရမ်းကောင်းပါတယ်၊ ပြိုင်ဘက်ကို အနိုင်ရရှိတာက အမြဲတမ်းကောင်းမွန်ပြီး ထူးခြားမှုတစ်ခုပါပဲ၊ ဒီနိုင်ပွဲက ကျွန်တော်တို့ကို ယုံကြည်မှုပေးခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင်စွမ်းဆောင်နိုင်တဲ့အထိ ကြိုးစားရမှာဖြစ်ပါတယ်၊ အသင်းအတွက် ဖြစ်နိုင်သမျှ ဂိုးတွေအများကြီး သွင်းပေးချင်ပါတယ်၊ ဒါမှလည်း ကျွန်တော်တို့ လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်မှာပါ" လို့ ဂျာအိုဖီးလစ်က ပြောခဲ့ပါတယ်။
ရာသီကြိုခြေစမ်းပွဲမှာတော့ ပြုပြင်ပြောင်းလဲမှုတွေ အများအပြားပြုလုပ်ထားတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပြီး အက်သလက်တီကိုက အားလံးုကို အံ့အားသင့်စေခဲ့တဲ့ ဂိုးရလဒ်နဲ့ နိုင်ပွဲရခဲ့ပါတယ်။ ပထမပိုင်းမှာပဲ ရီးရဲလ်ကို (၅)ဂိုးအထိ သွင်းယူကာ ဦးဆောင်ခဲ့ပြီး ဇီဒန်းကို စိတ်ပျက်စေခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ပြီး နှစ်ဖက်အသင်းကြား အချေအတင်ဖြစ်ပွားမှုတွေနဲ့ ပွဲကြမ်းတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။