ရီးရဲမက်ဒရစ်နည်းပြဟောင်း မော်ရင်ဟိုဟာ ဘာနေဗျူးကို ၎င်းစတင်ရောက်ရှိခဲ့တဲ့အချိန်တုန်းက ရီးရဲမက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လိုင်ယွန်အသင်းနဲ့ တွေ့ဆုံရမှာတောင် ကြောက်ရွံ့နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရီးရဲမက်ဒရစ်အသင်းကို ၂၀၁၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့သူဖြစ်ပြီး နောက်ဆုံးရာသီမှာ အသင်းရဲ့ကစားသမားအများအပြားနဲ့ ဆက်ဆံရေး အဆင်မပြေခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် မော်ရင်ဟိုဟာ ရီးရဲမက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့တဲ့အချိန်အတွင်းမှာ ဥရောပမှာ အောင်မြင်မှုမရပေမယ့် ဆုဖလားများစွာ ရယူပေးခဲ့သူဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ ရီးရဲမက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်အထိသာ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပမေယ့် လာလီဂါအမှတ်ပေးဖလားပြိုင်ပွဲမှာတော့ စံချိန်တင်ရမှတ်နဲ့ ချန်ပီယံဖြစ်ခဲ့ပြီး ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို အနိုင်ယူပြီး ဖလားရရှိခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ နည်းပြဆိုလာရီကို ထုတ်ပယ်ပြီး နည်းပြသစ်အဖြစ် မော်ရင်ဟိုကို ပြန်လည်ခန့်အပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဇီဒန်းကိုသာ နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုက ရီးရဲမက်ဒရစ်အသင်းရဲ့အောင်မြင်မှုမှာ ၎င်းပါဝင်ခဲ့တဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သတိပေးပြောကြားခဲ့ပြီး ကစားသမားတွေဟာ ၎င်း စတင်ရောက်ရှိခဲ့ချိန်က လိုင်ယွန်အသင်းကိုတောင် ရင်ဆိုင်ဖို့ ကြောက်ရွံ့နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“သူတို့တွေ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို မတက်နိုုင်ခဲ့တာ ၇ နှစ်၊ ၈ နှစ်လောက်ရှိပြီထင်ပါတယ်။ သူတို့တွေ ဆီမီးဖိုင်နယ် ဒါမှမဟုတ် ကွာတားဖိုင်နယ်မှာ မကစားခဲ့ရပါဘူး။ ကျွန်တော့်ရဲ့ပထမဆုံးရာသီမှာ ကျွန်တော်တို့ လိုင်ယွန်နဲ့တွေ့ခဲ့တယ်။ အသင်းက ကြောက်ရွံ့နေခဲ့ပါတယ်။ ဒီလိုအသင်းမျိုးက လိုင်ယွန်ကို ကြောက်ရွံ့နေတာ ကျွန်တော် နားမလည်ပါဘူး။ ဒါပေမယ့် သူတို့ ကြောက်ရွံ့နေတာ လိုင်ယွန်အသင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆီမီးဖိုင်နယ်မှာ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တယ်။ ကာကာ၊ ရာမို့စ်၊ ခရစ်စတီယာနိုရော်နယ်ဒိုတို့လို ပင်နယ်တီကန်သွင်းတာ အရမ်းကောင်းတဲ့သူတွေကန်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ စံချိန်တင် ရမှတ် ၁၀၀ ရခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တယ်”လို့ beIN Sports ကို ပြောကြားခဲ့ပါတယ်။