ရီးရဲမက်ဒရစ်အသင်းရဲ့ဂိုးသမား ကော်တိုရစ်က ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ရီးရဲမက်ဒရစ် တသက်တာထိပ်တန်းဂိုးသွင်းရှင် ရော်နယ်ဒိုကို သတိရခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ ဘယ်သူမှ ရော်နယ်ဒိုရဲ့အကြောင်းကို မပြောကြတော့ဘူးလို့ ဘယ်လ်ဂျီယံသတင်းစာ Het Nieuwsblad နဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက အသင်းကနေ ထွက်ခွာသွားတဲ့ ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ နေရာကို ယနေ့အချိန်အထိ အစားထိုးဖို့ ရှာမတွေ့သေးဘဲ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
ရော်နယ်ဒိုထွက်ခွာသွားမှုကြောင့် ရီးရဲမက်ဒရစ်အသင်းဟာ ပြင်းပြင်းထန်ထန်ခံစားခဲ့ရကြောင်း ကော်တိုရစ်က ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘာနေဗျူးအဝတ်လဲခန်းအတွင်းမှာ ရော်နယ်ဒိုကို တမ်းတနေမှုတွေ ပျောက်ဆုံးသွားပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ရော်နယ်ဒိုရဲ့အကြောင်းကို အဝတ်လဲခန်းထဲမှာ မပြောကြတော့ပါဘူး။ “သူ့ရဲ့နာမည်ကို ထွက်ကျလာအောင် လုပ်တာ အဓိကကတော့ မီဒီယာတွေပါ။ ကျွန်တော်တို့ ဂိုးသွင်းခွင့် ၁၀ ကြိမ်လောက်ရတဲ့ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်သွားတယ်။ “တစ်ချိန်တည်းမှာပဲ သူက ဂျူဗင်တပ်အသင်းအတွက် ဂိုးသွင်းတယ်။ အဲဒီတော့ သူ့အကြောင်းပြောဖို့က လွယ်ကူသွားပါပြီ”လို့ ပြောကြားခဲ့ပါတယ်။