ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ရရှိခဲ့တဲ့ဒဏ်ရာက ထင်ထားတာထက် ပိုမိုကြီးမားနေခဲ့တာပါ။
Kg Htet

ရီးရဲမက်ဒရစ်ကြယ်ပွင့် အီဒင်ဟာဇက်ရဲ့ ညာဘက်ခြေထောက်ဒဏ်ရာဟာ မူလက စမ်းသပ်ခဲ့တာထက် ပိုမိုပြင်းထန်တဲ့ဒဏ်ရာရရှိနေတာကြောင့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားရမယ့် အယ်ကလက်စီကိုပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ Marca ရဲ့ဖော်ပြချက်အရ သိရပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့က ပီအက်စ်ဂျီအသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ချိန်ကတည်းက ရှာမတွေ့ခဲ့တဲ့ ဟာဇက်ရဲ့ ကြွက်သားစုတ်ပြဲဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုအသစ်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရီးရဲမက်ဒရစ်အသင်းက ကြာသပတေးနေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အီဒင်ဟာဇက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချယ်ဆီးအသင်းကနေ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲမှာ ပါဝင်ကစားပေးခဲ့ရာမှာ ရရှိခဲ့တဲ့ပေါင်ခြံကြွက်သားဒဏ်ရာကြောင့် ရာသီအစ ပွဲစဉ် ၃ ပွဲကို လွဲချော်ခဲ့သူဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားဖြစ်တဲ့ မာဆယ်လိုကလည်းက ကြွက်သားဒဏ်ရာ ရရှိနေတာကြောင့် စနေနေ့မှာ အက်စ်ပန်ညိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ကို လွဲချော်ဖို့ များတယ်လို့ ရီးရဲမက်ဒရစ်အသင်းက ပြောကြားခဲ့တာဖြစ်ပါတယ်

ရီးရဲမက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာ လာလီဂါအမှတ်ပေးဇယားမှာ ဂိုးကွာခြားချက်ကြောင့် ဘာစီလိုနာအသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေရတာဖြစ်ပြီး နည်းပြဇီဒန်းကလည်း ယခုရာသီ ဆိုးရွားတဲ့ရလဒ်တွေကြောင့် ဖိအားဒဏ်တွေ ရင်ဆိုင်နေရသူဖြစ်ပါတယ်။

အီဒင်ဟာဇက်ဟာ ပီအက်စ််ဂျီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၎င်းရဲ့လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ သောမတ်စ်မူနီယာရဲ့ ဖျက်ထုတ်မှုကြောင့် ခြေချင်းဝတ်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ဒီဇင်ဘာလကုန်တဲ့အထိ အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။


Author


က္က