ဘာစီလိုနာကြယ်ပွင့် ဆာဂျီရောဘတ်တိုဟာ ၎င်းငယ်စဉ်က ရီးရဲမက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အစမ်းလေ့ကျင့်ရေးပြုလုပ်ဖို့ ဖိတ်ကြားခြင်းခံခဲ့ရပေမယ့် ရီးရဲမက်ဒရစ်ကို ဂရုမစိုက်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဆာဂျီရောဘတ်တိုဟာ ဘာစီလိုနာကို စတင်ရောက်ရှိချိန်ကတည်းက ဘာစီလိုနာအသင်းလူစာရင်းမှာ အဆက်မပြတ်ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာဂျီရောဘတ်တိုဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၂၃၀ ကျော်ပါဝင်ကစားပေးထားသူဖြစ်ပြီး ၎င်းရဲ့ကစားသမားဘဝ ရီးရဲမက်ဒရစ်နဲ့တွေ့ဆုံတဲ့ပွဲစဉ်တွေမှာ အကြိမ်များစွာ ကြီးမားတဲ့အကျိုးသက်ရောက်မှုကို ပြသခဲ့သူဖြစ်ပါတယ်။
ရောဘတ်တိုဟာ နောက်ခံကစားသမားအဖြစ် အသုံးပြုခြင်းခံခဲ့ရပြီးနောက် အံဝင်ခွင်ကျဖြစ်အောင် ကစားနိုင်သူဖြစ်ကြောင်း သိရှိခဲ့ပြီးနောက် နည်းပြဟောင်း လူးဝစ္စအန်းနရစ်ဟာ ရောဘတ်တိုကို နေရာမျိုးစုံကနေ ကစားစေခဲ့တာဖြစ်ပါတယ်။
ဆာဂျီရောဘတ်တိုရဲ့အကျော်ကြားဆုံးသွင်းဂိုးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အံ့အားသင့်ဖွယ်ပြန်လာနိုင်ခဲ့တဲ့ပွဲစဉ်က သွင်းဂိုးဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ၂၀၁၈ ခုနှစ်မှာ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ရောဘတ်တိုဟာ ၎င်းငယ်စဉ်က ရီးရဲမက်ဒရစ်အသင်းအတွက် ကစားပေးဖို့ အခွင့်အရေးရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ရောဘတ်တိုဟာ ငယ်စဉ်ကတည်းက ဘာစီလိုနာအသင်းရဲ့အမာခံပရိသတ်ဖြစ်တာကြောင့် ရီးရဲမက်ဒရစ်အသင်းက အစမ်းလေ့ကျင့်မှုပြုလုပ်ဖို့ ဖိတ်ခေါ်ချက်ကို ဂရုမစိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
“ဟုတ်ပါတယ်။ ကျွန်တော် နက်စ်တစ်ယူ-၁၅ သင်းအတွက် ကစားပေးနေတာပါ။ မက်ဒရစ်အကယ်ဒမီရဲ့ဒါရိုက်တာက အသင်းကို ဆက်သွယ်ခဲ့ပြီး ကျွန်တော့်ကို စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ ပြီးတော့ အစမ်းလေ့ကျင့်မှုပြုလုပ်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ နောက်ထပ်ရက်အနည်းငယ်အကြာမှာ ဘာစီလိုနာက တုံ့ပြန်ခဲ့ပြီး နက်စ်တစ်အသင်းကို ဖက်စ်တစ်စောင်ပေးပို့ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် မက်ဒရစ်ကို ဂရုမစိုက်တော့ပါဘူး”လို့ Sport နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။