အမှန်တော့ ဖိလစ်ကို အသင်းနဲ့ လိုက်လျောညီထွေ ကစားဟန်တစ်ခု မဖန်တီးပေးနိုင်တဲ့အပေါ် နည်းပြ ဆိုင်မွန်ကို ဗန်ဒါဗတ်က ပြစ်တင်ဝေဖန်ခဲ့တာပါ။
အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကွင်းလယလူ ဂျာအိုဖိလစ်အနေနဲ့ အက်သလက်တီကိုကို ရောက်ရှိနေခြင်းက မှားယွင်းနေပြီး နည်းပြ ဆိုင်မွန်လက်အောက်မှာ ရှိမနေသင့်ဘူးလို့ ရီးရဲမက်ဒရစ် ကြယ်ပွင့် ဟောင်း ရာဖေးလ်ဗန်ဒါဗတ်က ဝေဖန်ပြောဆိုခဲ့တယ်လို့ Goal.com သတင်းဌာနကဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဘင်ဖီကာအသင်းကနေ အက်သလက်တီကိုအသင်းကို ပေါင် ၁၁၃ သန်းနဲ့ ပြောင်းရွှေ့လာ ခဲ့ပြီးနောက် ပေါ်တူဂီသမိုင်းမှာ စျေးအကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
မနှစ်က ဘောလုံးရာသီမှာ ဘင်ဖီကာနဲ့အတူ ၃၇ပွဲမှာ ၁၉ ဂိုးသွင်းယူနိုင်မှုနဲ့အတူ ဥရောပတလွှား နာမည်ရလာခဲ့ သူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ခြေစွမ်းကို ဥရောပ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ရီးရဲမက်ဒရစ်၊ယူနိုက်တက်၊ပီအက်စ်ဂျီနဲ့ဘိုင်ယန်မြူးနစ် အစရှိတဲ့အသင်းတွေက စိတ်ဝင်စားနေကြပေမယ့် ဖိလစ်ကတော့ အက်သလက်တီကိုကို ရွေးချယ်ခဲ့တာပါ။
ဗန်ဒါဗတ်ကတော့ ဖိလစ်ကို အက်သလက်တီကိုရဲ့ အသင်းစတိုင်လ်ထဲကို ဆွဲမခေါ်နိုင်လို့ ထင်သလောက်ခြေစွမ်း မပြနိုင်တဲ့အပေါ် အပြစ်တင်ခဲ့ပြီး ကွင်းလယ်လူအနေနဲ့လည်း အက်သလက်ကို မရွေးခဲ့သင့်ဘူးလို့ ထောက်ပြခဲ့ တာပါ။
“ဂျာအိုက ကစားသမားကောင်းပါ၊ဒါပေမယ့် အသင်းမှားရောက်နေပါတယ်။အက်သလက်က သူ့ကို ခေါ်ချိန်မှာ ကျွန်တော်ကတော့ ဆိုင်မွန်အနေနဲ့ ကစားဟန်တစ်ခုကို ပြောင်းတော့မယ်လို့ တွေးမိခဲ့ပါတယ်။တကယ်တမ်းတော့ လုံးဝတခြားစီပါပဲ။ပွဲမှာ အသင်းနိုင်ဖို့သာ အဓိကဆိုပေမယ့် ကိုယ့်မှာ ဖိလစ်လို ထူးခြားတဲ့ ကစားသမား ပိုင်ဆိုင် ထားပြီ ဆိုရင်တော့ သူနဲ့ လိုက်လျောညီထွေ ရှိနိုင်မယ့် ကစားပုံမျိုးတော့ ပုံဖော်ပေးသင့်ပါတယ်။လို့ ဗန်ဒါဗတ်က ဝေဖန်ထောက်ပြလာတာပါ။
ဒီယေဂို ဆိုင်မွန်ရဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကတော့ လာလီဂါမှာ အဆင့် ၆နေရာ ရပ်တည်နေပြီး လာမယ့် တစ်ပတ် မာဆေးလ်နဲ့ ချန်ပီယံလိဂ်ပွဲ မကစားခင် ဗလင်စီယာနဲ့ စနေနေ့မှာ လာလီဂါပွဲ ကစားဖို့ ရှိပါတယ်။