ခရိုအေးရှားအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။
Pyae Phyo Thein

Nations League ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပိန် နဲ့ ခရိုအေးရှားတို့ရဲ့ ပွဲစဉ်မှာ စပိန်အသင်းဟာ ခရိုအေးရှားအသင်းကို ၆ဂိုးပြတ်သွင်းပြီး ခြေစွမ်းပြနိုင်ပွဲရရှိခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ ခရိုအေးရှားအတွက်တော့ အထိနာခဲ့တဲ့ ပွဲ တစ်ပွဲဖြစ်ခဲ့သလို သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးရှုံးပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။



Photo : Daily Mail

 

ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက လူစာရင်းကိုပဲ အခြေခံပြီး ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်မှာ စူပါစတားနှစ်ယောက်ဖြစ်တဲ့ ရာကီတစ် နဲ့ မိုဒရစ်တို့ ပါဝင်ခဲ့သလို ပါရီဆစ်၊ ဘရိုဇိုဗစ်တို့လို ကစားသမားတွေလည်း ပါဝင်ခဲ့တာပါ။ စပိန်ကတော့ နည်းပြသစ်အင်းနရစ်ရဲ့ လက်ထက်မှာ မျက်နှာသစ်ကစားသမားတွေနဲ့ အရန်ကစားသမားတွေ ပွဲထွက်ခွင့် ရခဲ့ပါတယ်။

Photo : Daily Mail

 

ဘယ်နောက်ခံနေရာမှာ ဂါယာ၊ ဆောလ်နီဂွက်ဇ်၊ ကာဘယ်လော့၊ ရိုဒရီဂိုတို့လို ကစားသမားတွေ နေရာရရှိခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ စပိန်က ပထမပိုင်းမှာ (၃)ဂိုး၊ ဒုတိယပိုင်းမှာ (၃)ဂိုး သွင်းယူခဲ့ပြီးတော့ ခရိုအေးရှားအသင်းကို နှိပ်စက်ခဲ့ပြီး ကမ္ဘာ့ဖလားမှာ ကျဆုံးခဲ့ရတဲ့ အသင်းပုံရိပ်ကို ပြန်လည်မြှင့်တင်နိုင်ခဲ့ပါတယ်။

Photo : Daily Mail

 

စပိန်အတွက် ဆောလ်နီဂွက်ဇ်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက်မှာ အဆန်စီယိုက တစ်ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။ ခရိုအေးရှားဂိုးသမား ကာလီနစ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် စပိန်တို့ တတိယဂိုးရခဲ့ပြီး ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ စပိန်အတွက် ရိုဒရီဂို၊ ရာမို့စ် နဲ့ အစ္စကိုတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပြီး ခြောက်ဂိုးအထိ ပိုင်ဆိုင်ခဲ့ပါတယ်။

Photo : Daily Mail

 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အားလုံးမထင်မှတ်လောက်အောင် ခြေစွမ်းပြနိုင်ခဲ့တဲ့ ခရိုအေးရှားအသင်းဟာ စပိန်ကို ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့ပြီး နည်းပြဒါလစ်အတွက်လည်း မျက်နှာပျက်စရာ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက်ကန်သွင်းမှုတို့မှာလည်း ခရိုအေးရှားဟာ မယ်မယ်ရရ မရရှိခဲ့ပဲ စပိန်ရဲ့ တစ်ဖက်သတ်ဖိအားပေး ကစားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ရာကီတစ်ရဲ့ နိုင်ငံအသင်းပွဲ (၁၀၀) ပြည့်ကတော့ ဆိုးဝါးတဲ့ ရလာဒ်နဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က