၃ မိနစ်ခန့် ဆေးကုသမှု ခံယူခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ဒန်နီရယ်ဂျိမ်းစ်ဟာ ယမန်နေ့ညက ခရိုးအေးရှားနဲ့ ဝေးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ပွဲစဉ်မှာ ခရိုအေးရှားနောက်ခံကစားသမား ဗီဒါရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်ပုံကြောင့် ကွင်းအတွင်း အရေးပေါ်ကုသမှုခံယူခဲ့ရပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ လေပေါ်မှာ မြောက်နေတဲ့ ဘောလုံးကို ခေါင်းတိုက်ရယူပြီး ပြေးထွက်ဖို့ ကြိုးပမ်းခဲ့ရာမှာ ခရိုအေးရှားနောက်ခံကစားသမား ဗီဒါက ဘောလုံးကို ဖျက်ထုတ်ဖို့ ကြိုးပမ်းချိန်မှာ ဒန်နီရယ်ဂျိမ်းစ်ရဲ့ ဦးခေါင်းအနောက်ကို ကန်မိခဲ့တာဖြစ်ပါတယ်။



ဒန်နီရယ်ဂျိမ်းစ်ဟာ ဗီဒါရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်ပုံကြောင့် အရုပ်ကြိုးပြတ် လဲကျသွားခဲ့ပြီး ပရိသတ်တွေအားလုံး စိုးရိမ်ပူပင်ခဲ့ကြတာဖြစ်ပါတယ်။ ဆေးအဖွဲ့ဟာ ကွင်းအတွင်း အလျင်အမြန်ဝင်ရောက်ပြီး မြက်ခင်းပေါ်မှာ မလှုပ်မယှက်လဲလျောင်းနေတဲ့ ဒန်နီရယ်ဂျိမ်းစ်ကို အရေးပေါ်သက်ကယ်ကုသမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဒန်နီရယ်ဂျိမ်းစ်က သတင်းဌာနတွေက ဖော်ပြနေသလို ယင်းဖြစ်စဉ်မှာ သတိလစ်သွားခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့တယ်လို့ Express ရဲ့ဖော်ပြချက်အရ သိရပြီး ဆက်ကစားဖို့အတွက် အဆင်ပြေလို့ ဆက်ကစားခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

“လေထဲမှာ ခုန်ပျံနေတဲ့အချိန်မှာ ဖျက်ထုတ်မှုအနည်းငယ်ရှိခဲ့ပေမယ့် ဒီလိုပွဲစဉ်မျိုးမှာ ဒါမျိုးရှိလာနိုင်တာကို ခင်ဗျား အမြဲတမ်းမျှော်လင့်ထားရမှာပါ”


“ကျွန်တော် အဆင်ပြေပါတယ်။ သူက ကျွန်တော့်ခေါင်းကို ကန်မိသွားတာထင်တယ်။ ဒါပေမယ့် ကျွန်တော် ကံကောင်းစွာနဲ့ပဲ သတိလစ်မသွားခဲ့ပါဘူး”လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

ဝေးလ်လက်ရွေးစင်နည်းပြ ရိုင်ယန်ဂစ်က ပထမအပိုင်းမှာ ဒန်နီရယ်ဂျိမ်းစ်ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် ပွဲကို ဆက်လက်ကစားစေခဲ့တာဖြစ်တယ်လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။



က္က