နိုင်ငံက အားမပေးပေမယ့်လည်း နိုင်ဂျီးရီးယားအသင်းကတော့ Women Africa Cup Of Nationsကို ၁၁ ကြိမ်အထိ သိမ်းပိုက်ထားနိုင်သလို လက်ရှိချန်ပီယံလည်း ဖြစ်ပါတယ်။
အာဖရိကတိုက်က နိုင်ဂျီးယားဆိုတဲ့ နိုင်ငံအတွက် ကမ္ဘာ့ဖလားဆိုတာ ဘောလုံးပြိုင်ပွဲတစ်ခုထက် ပိုမို အဓိပ္ပါယ် ရှိနေတယ်ဆိုတာ သိတဲ့သူလည်း သိမယ် မသိတဲ့သူလည်း ရှိပါမယ်။
Women Africa Cup Of Nations ဖလားကို ၁၁ ကြိမ်ထိ ရယူထားနိုင်သလို လက်ရှိချန်ပီယံလည်း ဖြစ်တဲ့ နိုင်ဂျီးရီးယား အမျိုးသမီးဘောလုံးသမားတွေအတွက် အဓိက အတားအဆီးဖြစ်နေတဲ့အရာက သူတို့တွေရဲ့ မိသားစုဝင်တွေပဲ ဖြစ်တယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား?
BBC SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ နိုင်ဂျီးရီးယားမှာ အချို့က အမျိုးသမီးဘောလုံးသမားတွေကို အသိအမှတ်မပြုဘူးလို့ သိရပါတယ်။
ဒီလို အမြင်က နိုင်ဂျီးရီးယားမှ မဟုတ်ပဲ အာဖရိက တဝန်းလုံးမျာ ပျံ့နှံ့စွာ မြင်နေတယ်လို့သိရပါသေးတယ်။ ဒီအပေါ်မှာ နိုင်ဂျီးရီးယားအသင်းရဲ့ အသက်၂၄ နှစ်အရွယ် တိုက်စစ်မှူး အိုရှိုအာလာက - “ အမျိုးသမီးတွေက အိမ်ထောင်ရှင်မကောင်းဖြစ်ဖို့အတွက်လောက်ပဲ အသိအမှတ်ပြုခံရပါတယ်၊ သူတို့က မီးဖိုချောင်ထဲမှာပဲ အသုံးဝင်ကြပါတယ်။ဒါက ပြဿနာပါပဲ၊ဒီအတွေးအခေါ်တွေကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနေပါတယ်။” လို့ ပြော ထားပါတယ်။
အိုရှိုအာလာဟာလက်ရှိ စပိန်ကလပ် ဘာစီလိုနာ အမျိုးသမီးသင်းမှာ ကစားနေပြီး ထူးချွန်တဲ့ ခြေစွမ်းကြောင့် ကမ္ဘာက စောင့်ကြည့်ရတဲသူ တစ်ယောက်ဖြစ်နေပါတယ်။ ဒါပေမယ့် အိုရှိုအာလာရဲ့မိဘတွေက သူမကို အသိအမှတ်မပြုထားပါဘူး။
“ကျွန်မ သူတို့နဲ့အတူနေပေမယ့် သူတို့ဆီက ဘာထောက်ပံ့မှုမှ မရပါဘူး။ဒါကြောင့် လေ့ကျင့်ရေးကွင်းဆိုရင် လည်း လမ်းလျှောက်သွားခဲ့ရပါတယ်။တခါတရံမှာ ကျောင်းထွက်ချင်ခဲ့ပါတယ်၊တခါတရံဘောလုံးလေ့ကျင့်ဖို့ သွားရင်တောင် သူငယ်ချင်းဆီသွာတယ်လို့ လိမ့်ခဲ့ပါတယ်။ ကစားနေရင်း အဖေ့ကိုတွေ့ရင်တော့သူမမြင်အောင် သွားပုန်းခဲ့ရတာတွေက အမြဲတမ်းပါပဲ။” လိုု့ သူမက ဆက်လက်ပြောပြပါတယ်။
အာဖရိကမှာတော့ဘောလုံးက ဥရောပမှာလောက် ရေပန်းမစားပါဘူး။ဘောလုံးအပေါ်ထားတဲ့စိတ်ထားက နိမ့်ပါးနေကြတယ်လိုု့ အိုရှိုအာလာက ဆက်လက်ပြောပါတယ်။
အမျိုးသမီးဘောလုံးအကြောင်း စိတ်ဝင်စားသူနည်းပါးပြီးမိဘအများစုက သူတို့ ကလေးတွေကို ဘောလုံး ကစားတာ အားမပေးသလို ကျောင်းပဲ အတင်းသွားခိုင်းချင်နေကြတယ်လို့သိရပါတယ်။
အိုရှိုအာလာရဲ့ နိုင်ငံအသင်းကစားဖော်တစ်ဦးဖြစ်တဲ့ သြစတြေးလျ ကလပ် ဆစ်ဒနီအသင်းမှာ ကစားနေတဲ့ အော်ဒီဂါကလည်း - လူတွေက ကျွန်မကို ဘယ်သူမှ လက်ထပ်ချင်မှာမဟုတ်ဘူးလို့ အမြဲပြောပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မလို ဘောလုံးသမားတစ်ယောက်ကို ဘယ်သူမှ လက်မထပ်ချင်ကြဘူးလို့ ပြောတာပါ။ ဒီအချက်က နေ့တိုင်း စိန်ခေါ်မှုပါပဲ၊ အမေဆို အမြဲတမ်း ကန့်ကွက်ခဲ့တယ်၊ဒါကလည်း ကျွန်မ အိမ်ထောင် မပြုနိုင်မှာစိုးလို့ပါ၊ဒါပေမယ့် ကျွန်မက ခေါင်းမာပါတယ်၊ဒီအ ချက်ကပဲ ကျွန်မကို တစ်စုံတစ်ခု ပြန်ပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။"လို့ ပြောပြပါသေးတယ်။
နိုင်ဂျီးရီးယားနိုင်ငံအနေနဲ့ ဘောလုံးကို အသိအမှတ်ပြု အားပေးခြင်း မရှိသော်လည်း နိုင်ဂျီးရီးယား အမျိုးသမီးဘောလုံးအသင်းကတော့ ၂၀၁၉ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားကို ပါဝင်ကစားနေပြီး လက်ရှိမှာလည်း အုပ်စု(က)အတွင်း ရမှတ် ၃ မှတ်နဲ့ အဆင့် ၃ မှာရပ်တည်နေပါတယ်။
အကောင်းဆုံး အုပ်စု တတိယရအသင်း ၄ သင်းလည်း ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်လို့ အုပ်စု နောက်ဆုံးအဆင့်တွေ ပြီးဆုံးချိန်မှာ နောက်တဆင့် တက်မတက် သိရပါမယ်။