အသင်းခေါင်းဆောင်သစ်ရွေးချယ်လိုက်တဲ့သတင်းက ဒေသတွင်း ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ပုံမှန်အသင်းခေါင်းဆောင် သီယာဆေးလ် ဒန်ဒါက ဒီတစ်ခေါက် ခြေစစ်ပွဲအတွက် လူစာရင်းမှာရွေးချယ်ခြင်း မခံထားရလို့ အသက် ၃၅ နှစ်အရွယ် ဂိုးသမားကို အသင်းခေါင်းဆောင်ပေးအပ်လိုက်တာပါ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားဖို့ရှိတဲ့ ထိုင်းလက်ရွေးစင်အသင်းရဲ့ အပြီးသတ် ၂၃ ဦးစာရင်းကို နည်းပြ နီရှီနိုက ထုတ်ပြန်ကြေညာခဲ့သလို အသင်းခေါင်းဆောင်အသစ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။


လက်ရှိလူစာရင်းမှာ ထိုင်းလက်ရွေးစင်အသင်းရဲ့ ပုံမှန် အသင်းခေါင်းဆောင်ဖြစ်တဲ့ မြောင်တောင်ယူနိုက်တက် တိုက်စစ်မှူး သီယာဆေးလ်ဒန်ဒါ ပါဝင်လာခြင်း မရှိတဲ့အတွက် နည်းပြ နီရှီနိုက အသက် ၃၅ နှစ်အရွယ် ဘူရီရမ် ဂိုးသမား ဆီဝါရက်ခ်တက်ဆန်ဂနိုကို အသင်းခေါင်းဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

အသက်အရွယ်နဲ့ ဝါအားဖြင့် အသင်းခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်တယ်ဆိုပေမယ့် ဂိုးသမားနေရာမှာ ပြည်ပ ထွက်ကစားနေတဲ့ ဒိတ်ဒိတ်ကျဲ ဂိုးသမား ကာဝန်ရှိနေတာကြောင့် ဆီဝါရက်ခ်ကို အသင်းခေါင်းဆောင် ပေး လိုက်တာ ပရိသတ်တွေအတွက် အံ့အားသင့်စေခဲ့ပါတယ်။



ဒါပေမယ့်လည်း ထိုင်းလက်ရွေးစင်အသင်းရဲ့ အကြံပေးအရာရှိကတော့ လေ့ကျင့်ရေးမှာ ကြိုးစားမှသာ ပွဲထွက် ခွင့်ရရှိမှာ ဖြစ်ပြီး ထိုင်းလက်ရွေးစင်အသင်းမှာဘယ်သူမှ ပွဲထွက်ခွင့်အတွက် အာမခံချက်မပေးထားဘူးလို့ သတင်း ဆက်လက်ထုတ်ပြန်ထားပါတယ်။

ထိုင်းအသင်းကတော့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲနဲ့၂၀၂၃ အာရှဖလား ခြေစစ်ပွဲအတွက် ဗီယက်နမ်၊မလေးရှား အင်ဒိုနီးရှား၊ယူအေအီးအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

လာမယ့် စက်တင်ဘာ ၅ ရက်နေ့မှာတော့ ဗီယက်နမ်၊ ၁၀ရက်နေ့မှာတော့ အင်ဒိုနီးရှားအသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က