ဂျပန်ကို အနိုင်ယူခဲ့တဲ့ အာရှဖလားဗိုလ်လုပွဲမှာ အသင်းအတွက် အဖွင့်ဂိုးသွင်းပေးခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရွှေဖိနပ်ဆုရခဲ့သူပါ။
အာရှဖလားပြိုင်ပွဲကို ဥရောပအသင်းကြီးတွေ စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး အခုအခါမှာလည်း အီတလီ စီးရီးအေကလပ် အေစီမီလန်က ကာတာအသင်းရဲ့ တိုက်စစ်မှူး အယ်မိုဇ်အလီကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ Fox Sports Asia သတင်းဌာနက ဖော်ပြပါတယ်။
ပြိုင်ပွဲမှာ ကာတာအသင်းကို သူ့ရဲ့ သွင်းဂိုးတွေနဲ့ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
လက်ရှိမှာ အယ်ဒူဟိုင်းအသင်းမှာ ကစားနေတဲ့ အလီကို အေစီမီလန်က လာမယ့် ဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ စီစဉ်နေပြီလို့လည်း သိရပါတယ်။ အေစီမီလန်ရဲ့ ပြိုင်ဖက် ဂျူဗင်တပ်အသင်းကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်မှာ အယ်ဒူဟိုင်းအသင်းမှ နောက်ခံလူ ဘီနာတီယာကို ခေါ်ယူထားနိုင်ပြီဖြစ်လို့ အေစီမီလန်ကလည်း ကာတာကစားသမားတစ်ဦး ခေါ်ယူနိုင်ရေး ကြိုးပမ်းလာတာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ကာတာတိုက်စစ်မှူး အလီအနေနဲ့ အာရှဖလားပြိုင်ပွဲမှာ သွင်းဂိုး ၉ ဂိုးအထိ သွင်းယူခဲ့ပြီးနောက် အီရန်တိုက်စစ်မှူး နှစ်ပေါင်းများစွာ တင်ရှိထားတဲ့ ဂိုးသွင်းအများဆုံး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။