ယနေ့နံနက် ၇ နာရီအချိန်မှာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘရာဇီးလ်အသင်းနဲ့ ကာတာအသင်းတို့ရဲ့ပွဲစဉ်မှာ ဘရာဇီးလ်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုုင်ရရှိခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ တိုက်စစ်မှာ ရစ်ချာလီဆင်၊ ဂျီးဆပ်၊ နေမာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာလည်း အာသာ၊ ကက်စမဲရိုးနဲ့ ကော်တင်ဟိုတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတင်ချိန်ကတည်းက ဘရာဇီးလ်အသင်းက ခြေစွမ်းပိုင်းအသာစီးနဲ့ ဦးဆောင်ကစားနိုင်ခဲ့တာကို မြင်တွေ့ရပြီး ဂိုးပေါက်ခြိမ်းခြောက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။
၁၆ မိနစ်မှာ ရစ်ချာလီဆင်က ဒန်နီအဲဗက်စ် ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ခေါင်းတိုက်သွင်းယူပြီး ဘရာဇီးလ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၂၁ မိနစ်မှာ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် အဲဗာတန်နဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။
ဒဏ်ရာရရှိသွားတဲ့ ခြေချင်းဝတ်ပတ်ပတ်လည်ကို ရေခဲထုပ်ကြီးပတ်ထားတဲ့ နေမာကို ဥမင်အတွင်းကနေ အသင်းတာဝန်ရှိသူတွေက တစ်ဖက်စီက တွဲပြီး ခေါ်ထုတ်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ၂၄ မိနစ်မှာ ရစ်ချာလီဆင်ရဲ့အကွက်မြင်မြင် ဖန်တီးပေးပို့မှုကို ဂက်ဘရီရယ်ဂျီးဆပ်က လျင်လျင်မြန်မြန်ကန်သွင်းယူပြီး ဘရာဇီးလ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
မိနစ် ၄၀ မှာ ဟာဆန်က ပင်နယ်တီဧရိယာအစွန်းမှာ လက်ထိခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်ကို ပင်နယ်တီတောင်းခဲ့ရာမှာ ကွင်းလယ်ဒိုင်က VAR အကူအညီရယူခဲ့ပါတယ်။ ဒါပေမယ့် VAR က လက်ထိဘောမဖြစ်ခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် ကွင်းလယ်ဒိုုင်က ပင်နယ်တီအဖြစ် သတ်မှတ်ပေးခြင်းမရှိခဲ့ပါဘူး။
ဒုတိယပိုင်းမှာလည်း ဘရာဇီးလ်အသင်းကသာ ဆက်လက်ဦးဆောင်ကစားနိုင်ခဲ့ပြီး ကာတာအသင်းဟာ ထိရောက်တဲ့ဂိုးပေါက်ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒုတိယပိုင်းစတင်ပြီး မိနစ် ၂၀ ကျော်မှာ ဘရာဇီးလ်အသင်းက အဓိကကစားသမားအချို့ကို ထုတ်ပြီး ပွဲရဲ့အရှိန်ကို လျှော့ချခဲ့ပါတယ်။
ဒုုတိယပိုင်းပွဲကစားချိန် ပြည့်မြောက်တဲ့ မိနစ် ၉၀ မှာ အဲဗာတန်ကို အယ်လ်အာရတ်က ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းခဲ့ပေမယ့် ဘောလုံးကို အရင်ထိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီမသတ်မှတ်ပေးခဲ့ပါဘူး။
၉၄ မိနစ်မှာ အယ်လ်အာရတ်ကို ဘရာဇီးလ်ဂိုးသမား အီဒါဆင် ဖျက်ထုတ်ရာမှာ ကြမ်းတမ်းခဲ့တယ်လို့ ကာတာ ကစားသမားတွေက စောဒကတက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR ပြန်လည်ကြည့်ရှုပြီး ကာတာအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။
ပင်နယ်တီပြစ်ဒဏ်ဘောကို ကာတာနောက်ခံကစားသမား ဘူလန်ခူခီက ကန်သွင်းယူခဲ့ပြီး ဘောလုံးက တိုင်ထိထွက်ခဲ့တာကြောင့် ကာတာအသင်း ချေပဂိုး ၁ ဂိုး ရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။