ကာတာအသင်းနဲ့အတူ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၉ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုကို ရရှိခဲ့သလို ပထမဆုံးအကြိမ် ချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သူပါ။
၂၀၁၉ အာရှဖလားမှာ ခြေစွမ်းပြ ဂိုးတွေသွင်းပြီး ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဆုကိုသာမက သူ့ရဲ့သွင်းဂိုးတွေနဲ့အတူ ကာတာအသင်းကို ချန်ပီယံဖြစ်စေခဲ့တဲ့ လူငယ်တိုက်စစ်မှူးလေး အယ်လ်မိုလ်ဇက် အလီကို ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက အံ့အားသင့်ဖွယ်ရာ လုပ်ဆောင်ပေးခဲ့တယ်လို့ beIN Sports သတင်းဌာနက ဖော်ပြလာပါတယ်။
မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းဂျာစီမှာ အယ်လ်မိုဇက်အလီ နာမည်ကို သူကာတာအသင်းနဲ့အတူ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၉ ကို တပ်ဆင်ပြီး လက်မှတ်ရေးထိုးပြီး လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာလို့ သိရပါတယ်။
ဒီလို လက်ဆောင်ပေးလိုက်တဲ့အတွက်လည်း အားကစားလောကမှာ အလီကို ဘာစီလိုနာက ခေါ်ယူတော့မှာလားဆိုတဲ့ သို့လော သို့လော မေးခွန်းများစွာ ထွက်ပေါ်လာပါတော့တယ်။ ဒါပေမယ့် နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ အလီကိုခေါ်ယူဖို့ အီတလီ စီးရီးအေကလပ် အေစီမီလန်က ချိတ်ဆက်နေပြီး လာမယ့် နွေရာသီဈေးကွက်မှာ အလီကစားနေတဲ့ ကလပ်အသင်းကို ချိတ်ဆက်ဆောင်ရွက်မှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။