အုပ်စုအဖွင့်ပွဲစဉ်မှာ ကာတာအသင်းနဲ့ သရေကျခဲ့တာပါ။
Kg Htet

ပါရာဂွေးနည်းပြ အက်ဒွါဒိုဘယ်ရစ်ဇိုဟာ ယမန်နေ့ညက ဧည့်သည်ကာတာအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ အံ့အားသင့်ဖွယ် တစ်ဖက် ၂ ဂိုးစီ သရေရလဒ်သာ ရယူနိုင်ခဲ့ပြီးနောက် ကိုပါအမေရိကပြိုင်ပွဲဟာ အမေရိကအသင်းတွေသီးသန့်သာ ပါဝင်သင့်တယ်လို့ ယုံကြည်နေကြောင်း Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အာရှဖလားချန်ပီယံဖြစ်တဲ့ ကာတာအသင်းဟာ ကိုပါအမေရိက ၂၀၁၉ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဂျပန်အသင်းနဲ့အတူ ဖိတ်ကြားခြင်းခံခဲ့ရတာဖြစ်ပြီး ပါရာဂွေးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေရာကနေ ၂ ဂိုးလိုက်သွင်းယူပြီး သရေရလဒ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။



တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ ကိုပါအမေရိကပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ အသင်းတွေကို ဖိတ်ကြားတဲ့သမိုင်းကြောင်းရှိပြီး အာရှအသင်းဖြစ်တဲ့ သြစတြေးလျအသင်းကလည်း လာမယ့် ၂၀၂၀ ခုနှစ် ကိုလံဘီယာနဲ့ အာဂျင်တီးနားမှာပြုလုပ်မယ့် ကိုပါအမေရိကပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကိုပါအမေရိကပြိုင်ပွဲကို အခြားတိုက်တွေက ဧည့်သည်အသင်းတွေကို ဖိတ်ခေါ်မှုဟာ ရီယိုဒီဂျနေးရိုးမြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စု B ပွဲအဖွင့်ပွဲစဉ် ပါရာဂွေးအသင်းနဲ့ ကာတာတို့ရဲ့ပွဲစဉ်မှာ ရောင်ပြန်ဟပ်ခဲ့ပြီး ပါရာဂွေးနည်းပြဘယ်ရစ်ဇိုက ကိုပါအမေရိကပြိုင်ပွဲမှာ အမေရိကအသင်းတွေသာ ပါဝင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကိုပါအမေရိကပြိုင်ပွဲမှာ အမေရိက ကအသင်းတွေအားလုံး ဝင်ပြိုင်မယ်ဆိုရင်တောင် အဓိပ္ပာယ်ရှိပါဦးမယ်”

“ခင်ဗျား ကျွန်တော့်ကို တခြားနိုင်ငံတွေကို ဖိတ်ခေါ်ခဲ့တဲ့အကြောင်း မေးနေတာမလား။ ကာတာနဲ့ ဂျပန်အကြောင်းလေ။ ကျွန်တော်တို့ ကိုပါအမေရိကတစ်ခုလုံးကို အမေရိကအလယ်ပိုင်း၊ မြောက်အမေရိကအသင်းတွေအားလုံးဟာ တူညီတဲ့ပြိုင်ပွဲမှာ ကစားနေကြတယ်လို့ မြင်ယောင်ကြည့်သင့်ပါတယ်”

“ကျွန်တော့်တသက်မှာ ဥရောပက တောင်အမေရိကအသင်းကို ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်တာမမြင်ခဲ့ဖူးပါဘူး”

“ကျွန်တော်တို့ရဲ့ ပြိုင်ဘက်(ကာတာ)နဲ့ ကစားပြီးနောက် ဒီနေ့မှာ နည်းနည်းလေး ခါးသီးစရာဖြစ်နေပါတယ်။ ဒါပေမယ့် ကိုပါအမေရိကပြိုင်ပွဲဟာ CONCACAF နဲ့ CONMEBOL က အမေရိကအသင်းတွေအားလုံး ပြိုင်ပွဲတစ်ခုတည်းမှာ ကစားရမယ့်ပြိုင်ပွဲလို့ ကျွန်တော် ခိုင်ခိုင်မာမာယုံကြည်ထားပါတယ်”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က